စုကလိစစ်ကောင်စီတပ်စခန်းသိမ်းပိုက်ရာ ဗိုလ်မှူးကြီးတစ်ဦးအပါ ၂၁ ဦးကိုအရှင်မိ

စုကလိစစ်ကောင်စီတပ်စခန်းသိမ်းပိုက်ရာ ဗိုလ်မှူးကြီးတစ်ဦးအပါ ၂၁ ဦးကိုအရှင်မိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း စုကလိမြို့ အ‌ခြေစိုက် စခက(၁၃) လက်အောက်ခံ ခမရ(၅၆၀) တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော တပ်စခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ကြောင်း KNU ထံမှ သိရသည်။

KNLA မှ ၎င်းတို့အား လက်နက်ချကာ အမှန်တရားဘက် ရပ်တည်သွားရန် ၂၀၂၄ ခုနှစ် မတ်လ (၂၅)ရက်နေ့မှ မတ်လ (၃၀) ရက်အထိ စာဖြင့်အသိပေး အကြောင်းကြားထားသော်လည်း လိုက်နာခြင်းမရှိသည့်အတွက် KNLA၊ KNDO နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ မတ်လ (၃၀)ရက်နေ့မှ ဇွန်လ (၁၆)ရက်နေ့ အထိ  စနိုက်ပါဖြင့်သော်လည်းကောင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့်လည်းကောင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဇွန်လ (၁၇) ရက်နေ့၊ မနက် (၇)နာရီမှ မနက် (၁၀)နာရီခွဲအထိ စုကလိတပ်စခန်းအား ၀င်ရောက်တိုက်ခိုက်ရာ ဇွန်လ (၂၁)ရက်နေ့တွင် စခန်းတစ်ခုလုံးအား အပြီးသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရပြီး  (၁၄)ဦး ထွက်ပြေးလွတ်မြောက် သွားသည်ဟု သိရသည်။

စစ်သုံ့ပန်းအဖြစ် တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုးအပါအ၀င် (၂၁)ဦးကို ဖမ်းဆီးရမိခဲ့ပြီး တော်လှန်ရေး ပူး‌ပေါင်းတပ်ဖွဲ့မှ (၁၅)ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီတပ်၏ ၆၀ မမ (ပြောင်းရှည်) ၁ လက်၊ ၆၀ မမ (ပြောင်းတို) ၁ လက်၊ RPG- 7  ၁ လက် (ပျက်စီး)၊ MA-1 ၁၂ လက် (၄ လက် ပျက်စီး)၊ MA-2 ၁၅ လက် (၄ လက် ပျက်စီး)၊ MA-3 ၄ လက် (၁ လက် ပျက်စီး)၊ MA-79 ၂ လက်၊ ငါးကြင်းမှီး စက်လက် ၁ လက် (ပျက်စီး)၊ ၈၁ မမ ကျည် ၃၇ လုံး၊ ၆၀ မမ ကျည် ၃၉ လုံး၊ ရှေ့ထွက်မိုင်း(အကြီး) ၃ လုံး၊ ရှေ့ထွက်မိုင်း (အသေး) ၂၇ လုံး၊ နင်းမိုင်း ၁၁ လုံး၊ ခွင်းဗုံး ၁၀ လုံး၊ တိုက်မိုင်း ၁၄ လုံး၊ လက်လုပ် သံပိုက်မိုင်း ၈ လုံး၊ဆက်သွယ်ရေး စက်ကြီး ၂ လုံး၊ MA-1,2,3,4 ကျည်ဘောက် ၇၀ ခု၊ MA-1,2,3,4 ကျည် ၆၅၀၁ တောင့်၊ ငါးကြင်းမှီး စက်လက်ကျည် ၇၉၂၃ တောင့်၊ RPG-7 ကျည် ၇၇ လုံး၊ ပို့ယမ်း ၅၄ တောင့်၊ မိုင်းရှင်းစက် ၁ ခု၊ ဒရုန်း အသေး ၁ စီး၊ Jumper ၁ ခု၊ ဆက်သွယ်ရေး စက်အသေး ၂ လုံး၊  ဆက်သွယ်ရး (အထိုင်) စက်တိုင် ၂ ခု၊ ER ဘောက် ၁၃၀ ခု၊ ကျည်ကာ ဦးထုပ် ၈ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Dooplaya District