မတူပီမြို့အတွင်း မြေမြှုပ်မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တို့ကြောင့် ဒေသခံများ နေရပ်ပြန်ခြင်း မပြုလုပ်ရန် CDF မတူပီ အသိပေး

မတူပီမြို့အတွင်း မြေမြှုပ်မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တို့ကြောင့် ဒေသခံများ နေရပ်ပြန်ခြင်း မပြုလုပ်ရန် CDF မတူပီ အသိပေး

ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့အတွင်း မြေမြှုပ်မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကြောင့် ဒေသခံများ နေရပ်ပြန်၍ နေထိုင်ခြင်း မပြုကြရန် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ တပ်မဟာ (၁)မှ အသိပေးထုတ်ပြန်သည်။

မတူပီမြို့အတွင်း စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းများအား ရှင်းလင်းမှုများဆောင်ရွက်နေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် CNF/CNA နှင့် စစ်ရေးတင်းမာမှုများ အချိန်မရွေးရှိလာနိုင်သဖြင့် မြို့တွင်းပြန်လည်အခြေချရေးနှင့်ပက်သက်ပြီး နောက်ထပ်ထုတ်ပြန်ချက်တစ်စုံတစ်ရာ မထုတ်ပြန်ခင်အထိ မြို့တွင်းနှင့် မြို့အနီးအနားရှိ ကျေးရွာများတွင် ဝင်ရောက်ခြင်းမပြုရန် CDF မတူပီ တပ်မဟာ (၁) က ၂၀၂၄ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် အသိပေးသည်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ တပ်မဟာ (၁) အနေဖြင့် မတူပီမြို့ လုံခြုံရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စများကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ပြီး အခြား ချင်းဒေသကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များကိုလည်း တတ်နိုင်သလောက် ပါဝင်နိုင်ရေးအတွက် အစီအမံများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မတူပီမြို့ လုံခြုံရေး ၊ ပြန်လည်တည်ဆောက်ရေးနှင့် ဒဏ်ရာရရဲဘော်များ ကုသစောင့်ရှောက်ရေးနှင့် အခြားသောနောက်ဆက်တွဲ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုအနေဖြင့် ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။

ချင်းညီနောင်စစ်ဆင်ရေး Operation CB အဖြစ် မတူပီမြို့သိမ်းတိုက်ပွဲကို ဇွန်လ (၉) ရက်နေ့ မနက်ပိုင်းတွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အာရက္ခတပ်တော် (AA)၊ Yaw Army (YA) နှင့် Yaw Defense Force (YDF)တို့ အတူပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့တွင် မတူပီမြို့အား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

#TachileikNewsAgency