မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ ကလေး(၂)ဦး သေဆုံးသွားကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇွန်လ(၁၄)ရက်နေ့က သိမ်ဇရပ်မြို့ စစ်ကွင်းရွာအနီးရှိ ကျောက်မိုင်းကွင်းအဟောင်း၌ နေထိုင်သည့် ကိုစိုးမင်းအောင်(ခ)ချန်မသီ၏ နေအိမ်သို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက် ကြီးကျကာ ကလေး(၂)ဦး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကိုစိုးမင်းအောင်က ဆိုင်ကယ်ကယ်ရီထွက်ဆွဲနေတာ။ သူ့ဇနီးသည်ကလည်း နေအိမ်ကနေ အပြင်ကို စျေးထွက်၀ယ်နေချိန် သိမ်ဇရပ် အမြောက်တပ် (၃၁၀)နဲ့ ခလရ(၂၀၇)တို့က လက်နက်ကြီးတွေနဲ့ ပစ်နေလို့ စာသင်ကျောင်းကိုပိတ်ပြီး ကလေးတွေကို အိမ်ပြန်လွှတ်လိုက်တာ။ ကလေးက အိမ်ရှေ့လည်းရောက်ရော လက်နက်ကြီးထိမှန်ပြီး သေသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်သည် စစ်ကွင်းရွာ၊ က္ခမော့ရွာများဘက်သို့ လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ရွာရှိစာသင်ကျောင်းများမှ ကလေးငယ်များအား အိမ်ပြန်လွှတ်ခဲ့ခြင်းဖြစ်ကာ ကျောင်းလွှတ်ပြီး မကြာမီလက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အမြောက်တပ် (၃၁၀)ဘက်က ပစ်တာ။ လက်နက်ကြီးကျည်တွေ ကိုစိုးမင်းအောင်ရဲ့ အိမ်၀န်း အရှေ့၊ အနောက်မှာ ကျတာပါ။ အကြီး လေးကော အသက်တစ်နှစ်ကျော် အငယ်လေးလဲ သွေးအိုင်ထဲလဲကျနေတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးထိမှန်ခြင်းကြောင့် အသက်(၁၄)နှစ်အရွယ် ကလေးမှာ ပွဲချင်းပြီးသေဆုံးကာ တစ်နှစ်ကျော်အရွယ်ကလေးကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ကာ ယနေ့ ဇွန်လ(၁၆)ရက်နေ့ တွင် သင်္ဂြိုလ်လိုက်ပြီဟု သိရသည်။
#TachileikNewsAgency
Photo: CJ