ပျားမွေးမြူရေး သေတ္တာများဖြင့် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော် ဖမ်းဆီးရမိ

ပျားမွေးမြူရေး သေတ္တာများဖြင့် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော် ဖမ်းဆီးရမိ

 ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ၊ လန်ဖွန်းဒေသအတွင်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပျားမွေးမြူရေးသေတ္တာများဖြင့် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား မူးယစ်ဆေးဝါး   (၁၂)သန်းကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဇွန်လ(၁၄)ရက်နေ့က ပျားမွေးမြူရေးသေတ္တာများ သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် လန်ဖွန်းမြို့နယ်အတွင်း ဖဟွန်းယိုသင်းလမ်းမပေါ်ရှိ ဝမ်ဒင်ပူးပေါင်းစစ်ဆေးရေးဂိတ်အရောက်တွင် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ရာက ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က ပျားမွေးမြူရေးသေတ္တာများကို ဖွင့်ဖောက်စစ်ဆေးကြည့်ရာမှ  စိတ်ကြွရူးသွပ်ဆေးပြား မူးယစ်ဆေးဝါးများ ထည့်ထားသည့် အထုတ်ပေါင်း (၁၂၀)ကို တွေ့ရှိရာ အဆိုပါ အထုတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၂)သန်းကျော် တွေ့ရှိ ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ကားတွင် မောင်းနှင်လိုက်ပါလာသည့် အသက်(၃၇)နှစ်အရွယ် ချန်နရွန် နှင့် အသက်(၄၉)နှစ်အရွယ် စရာဝတ် တို့ကို ချက်ချင်း ဖမ်းဆီးလိုက်ပြီး မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်များကို ဖော်ထုတ်ရမိရေးအတွက် ဆက်လက် စစ်ဆေးမှုများ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

ကနဦး စစ်ဆေးချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများမှာ ထိုင်းနိုင်ငံအလယ်ပိုင်း စင်ဘူရီပြည်နယ်အတွင်းမှ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများနှင့် ဆက်စပ်ဖွယ်ရှိကြောင်းနှင့် သံသယရှိသူများကို စစ်ဆေးနိုင်ရန် လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

ယခု ဖမ်ဆီးရမိသည့် မူးယစ်ဆေးဝါး၏ အရေအတွက်မှာ ထိုင်းမြောက်ပိုင်းဒေသတွင် (၁၀)နှစ်တာကာလအတွင်း အကြီးမားဆုံး ဖမ်းဆီးရရှိမှုဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

Source:  Khaosod, Thaiger

Photo:  Khaosod