ကနေဒါကို ရှားပါးသမိုင်းတွင်သည့် မုန်တိုင်းဖီအိုနာ ဝင်ရောက်တိုက်ခတ်မှုကြောင့် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့

ကနေဒါကို ရှားပါးသမိုင်းတွင်သည့် မုန်တိုင်းဖီအိုနာ ဝင်ရောက်တိုက်ခတ်မှုကြောင့် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့
စက်တင်ဘာ 26, 2022 | နိုင်ငံတကာသတင်း
By Mr John

ကနေဒါနိုင်ငံ အရှေ့ပိုင်းကို စက်တင်ဘာလ (၂၅) ရက်နေ့က အားကောင်းသည့် ဟာရီကိန်းမုန်တိုင်း ဖီအိုနာ (Hurricane Fiona) ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အပျက်အစီးများစွာ ဖြစ်ပေါ်ကျန်ရှိခဲ့ရာ ရှင်းလင်းမှု အကြီးအကျယ်လုပ်ဆောင်ရေး၊ ပျက်စီးဆုံးရှုံးမှုပမာဏ အကဲဖြတ်ရေးနှင့် လျှပ်စစ်ဓာတ်အားနှင့်ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပြန်လည်ရရှိရေး အာရုံစိုက် ဆောင်ရွက်နေကြောင်းနှင့် ပြန်လည်ထူထောင်ရေး ကြာရှည်နိုင်ကြောင်း အစိုးရတာဝန်ရှိသူများက သတိပေးခဲ့သည်။

ရှားရှားပါးပါးနှင့် သမိုင်းတွင်သည့် အားကောင်းသော မုန်တိုင်းဖီအိုနာက ကနေဒါအရှေ့ပိုင်းကို ဖြတ်သန်းတိုက်ခတ်ခဲ့ရာ ဟာရီကိန်းမုန်တိုင်း လေပြင်းတိုက်မှုနှင့်အတူ ဖြတ်သန်းခဲ့ရာ ဒေသခံများ ရွှေ့ပြောင်းခဲ့ရပြီး သစ်ပင်များနှင့်ဓာတ်အားလိုင်းတိုင်များ လဲပြိုခဲ့သည်။ 

ထို့အပြင် နေအိမ်အများအပြားမှာ အပျက်အစီးပုံတစ်ခုအဖြစ် ပြိုကျသွားခဲ့သည်ဟု ဆိုသည်။

Canadian Hurricane Centre ၏ ခန့်မှန်းချက်အရ ဖီအိုနာမှာ ကနေဒါတွင် သမိုင်းတစ်လျှောက် ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် အား အကောင်းဆုံး မုန်တိုင်းဖြစ်ကြောင်းလည်း သိရသည်။ 

မုန်တိုင်းတိုက်ခတ်ခဲ့သည့် နေရာများတွင် အပျက်အစီးများ ရှင်းလင်းရေး ကူညီလုပ်ဆောင်ရန် ကနေဒါ လက်နက်ကိုင်တပ်ဖွဲ့များကို စေလွှတ်သွားမည်ဟု ဝန်ကြီးချုပ် Justin Trudeau က ပြောသည်။ 

မုန်တိုင်းကြောင့် သိသာထင်ရှားသည့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် ကြီးမားစွာ အားထုတ်ကြိုးပမ်းရမည်ဟုလည်း ဝန်ကြီးချုပ်က ဆိုသည်။

ကနေဒါကို ဝင်ရောက်တိုက်ခတ်သွားသည့် မုန်တိုင်းဖီအိုနာမှာ အားကောင်းပြင်းထန်ခဲ့သော်လည်း ကြီးကြီးမားမား ထိခိုက်ဒဏ်ရာမှု သို့မဟုတ် သေဆုံးမှု မရှိခဲ့ကြောင်းနှင့် ဒေသခံများက အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သည့် မုန်တိုင်းသတိပေးချက်များကို လိုက်နာဆောင်ရွက်ခဲ့မှုကြောင့်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် အတ္တလန္တိတ်ကမ်းရိုတန်းရှိ Nova Scotia, Prince Edwoard Island (PEI) နှင့် Newfoundland ပြည်နယ်များတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေပြီး ဆက်သွယ်ရေးလိုင်များလည်း အပြည့်အဝ အသုံးမပြုနိုင်သေးကြောင်းနှင့် အစိုးရတာဝန်ရှိသူများက ဒေသခံများကို သည်းခံကြရန် ပန်ကြားထားသည်။ 

အချို့ပြတ်တောက်မှုများမှာ သီတင်းပတ်များနှင့်ချီ ကြာမြင့်နိုင်ကြောင်းလည်း ၎င်းတို့က သတိပေးခဲ့သည်။

မုန်တိုင်းကြောင့် ပျက်စီးမှုအတိုင်းအတာကို လာမည့် ရက်များနှင့် သီတင်းပတ်များအတွင်းမှသာ သိရှိနိုင်မည်ဟု အစိုးရတာဝန်ရှိသူများက ပြောထားသည်။ 

သို့သော် လေတိုက်နှုန်း တစ်နာရီလျှင် (၁၀၆) မိုင်နီးပါးအထိ အားကောင်းပြင်းထန်သည့် မုန်တိုင်းဖီအိုနာကြောင့် နေအိမ်များ၊ တံတားများ ပျက်စီးခဲ့ကြောင်း သိရသည်။ 

ဖီအိုနာကြောင့် ပျက်စီးမှုမှာ ၂၀၁၉ ခုနှစ်က တိုက်ခတ်ခဲ့သည့် ဟာရီကိန်းဒိုရီယန် (Hurricane Dorian) အပါအဝင် အခြားမုန်တိုင်းများကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများ ပြန်အမှတ်ရစေသည်ဟု ဆိုသည်။ 

၂၀၁၉ခုနှစ်အတွင်း ဟာရီကိန်းဒိုရီယန် တိုက်ခတ်ခဲ့စဥ်က ခန့်မှန်းခြေအားဖြင့် အာမခံလျော်ကြေး ကနေဒါဒေါ်လာ (၁၀၅) သန်း ပေးအပ်ခဲ့ရသည်။

မုန်တိုင်းဖီအိုနာ တိုက်ခတ်မှုကြောင့် အတ္တလန္တိတ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကနေဒါဒေါ်လာ (၃.၂) ဘီလီယံ တန်ဖိုးရှိ ကျောက်ပုစွန်လုပ်ငန်းကို ထိခိုက်နိုင်ကြောင်း သိရသည်။ 

ရက်သတ္တပတ်အနည်းငယ်အတွင်း စတင်တော့မည့် ကျောက်ပုစွန်ရာသီမတိုင်မီ အပြည့်အဝ ပြင်ဆင်မှုများ မလုပ်ဆောင်နိုင်ပါက လုပ်ငန်းထိခိုက်မည်ဟု ဆိုသ်ည။ 

"ဒီကျောက်ပုစွန်သမားတွေက မုန်တိုင်းပြီးသွားတာနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ချက်ချင်း ပြန်လည်စတင်နိုင်ဖို့ လိုအပ်ပါတယ်" ဟု Minister of Intergovernmental Affairs ဝန်ကြီး Dominic LeBlanc က စက်တင်ဘာလ (၂၅) ရက်နေ့တွင် ပြောသည်။

Source: Reuters

Photo: REUTERS/John Morris,  Courtesy of Wreckhouse Press