ရုရှား၏ကျူးကျော်မှုကို ခံနေရသည့် ယူကရိန်းက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အဖြစ် လျှောက်ထားလိုက်ပြီး ချက်ချင်း အသိအမှတ်ပြုပေးရန် တောင်းဆိုထားကြောင်း သိရသည်။
ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ သီးခြား လုပ်ထုံးလုပ်နည်းအသစ်နဲ့ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ဥရောပသမဂ္ဂကို ကျွန်တော်တို့ တောင်းဆိုပါတယ်
ဟု ယူကရိန်းသမ္မတ ဗလာဒီမာဇာလန်းစကီးက ယနေ့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားထားသည်ကို တွေ့ရသည်။
လက်ရှိတွင် ဩစတေးလျ၊ ဘယ်လ်ဂျီယမ်၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ချက်၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အီတလီ၊ လပ်ဗ်ဗီးယား၊ လစ်သူရေးနီးယား၊ လူဇင်ဘတ်၊ မလ်တာ၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ စလိုဘေးနီးယား၊ စပိန်နှင့် ဆွီဒင်နိုင်ငံတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည့် ဥရောပသမဂ္ဂတွင် (၂၈)နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာရန် ယူကရိန်းက ကြိုးစားလာခြင်းဖြစ်သည်။
ယနေ့တွင်ပင် ယူကရိန်းနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့တို့သည် ဘယ်လာရုစ်နိုင်ငံ၏ လုံခြုံရေး အာမခံချက်ဖြင့် ယူကရိန်း - ဘယ်လာရုစ်နယ်စပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကိုလည်း တွေ့ရသည်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေမှုကြောင့် ယူကရိန်းမှ စစ်ဘေးဒုက္ခသည် (၅)သိန်းထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကုလက ခန့်မှန်းထားသည်။
ယူကရိန်းသည် NATO အဖွဲ့နှင့် ၁၉၉၂ ခုနှစ်ကတည်းက ဆက်ဆံရေးတည်ထောက်ထားပြီး အဖွဲ့ဝင်နိုင်ငံဖြစ်လာရေးအတွက် ၂၀၀၈ ခုနှစ်ကတည်းက ကြိုးစားနေခြင်းဖြစ်သည်။