AA အနေဖြင့် ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများ ရှောင်ရှားပေးရန် ချင်းပြည်ကောင်စီ တိုက်တွန်း 

AA အနေဖြင့် ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများ ရှောင်ရှားပေးရန် ချင်းပြည်ကောင်စီ တိုက်တွန်း 

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ စစ်ရေးဖော်ဆောင်မှုများ ရှောင်ရှားပေးရန်နှင့် ချင်းပြည်နယ်အတွင်း ပြည်သူလူထုသဘောထားမပါဝင်ဘဲ အုပ်ချုပ်ရေးဖော်ဆောင်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများ လုပ်ဆောင်နေမှုများကို ရပ်တန့်ပေးရန် တိုက်တွန်းကြောင်း ချင်းပြည်ကောင်စီ (Chinland Council) မှ သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် (AA) သည် ချင်းပြည်နယ်အတွင်း ချင်းပြည်သူများကို တပ်သားအဖြစ် စုဆောင်း၍ စစ်သင်တန်းပေးခြင်း၊ အတင်းအကျပ် အုပ်ချုပ်ရေးယန္တယားများ ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်နေသည့်အပြင် တိုင်းရင်းသားလူမျိုးနွယ်စုအချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို လစ်လျူရှု၍ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်များကို တားဆီးပိတ်ပင်နေသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း Chinland Council မှ ၂၀၂၄ခုနှစ် ဇွန်လ(၁၀)ရက်နေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ လုပ်ရပ်များသည် စစ်ကောင်စီအား ဘုံရန်သူအဖြစ်တိုက်ခိုက်နေသည့် တော်လှန်ရေးကာလအတွင်း တိုင်းရင်းသားလူမျိုးနွယ်စုများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေသည့်အပြင် တမျိုးသားလုံးလွတ်မြောက်ရေးအတွက် ဖော်ဆောင်နေသည့် တော်လှန်ရေးလမ်းစဉ်များကိုလည်း နှောင့်နှေးစေကြောင်း Chinland Council မှ ဆိုသည်။

ချင်းပြည်ကောင်စီ (Chinland Council) သည် ချင်းအမျိုးသားလွတ်မြောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်နယ်၊ ဖက်ဒရယ် ယူနစ်များစုစည်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရန် ဘုံရန်သူစစ်ကောင်စီကို အမြစ်ပြတ်ချုပ်ငြိမ်းရေး ဖော်ဆောင်ရာတွင် ဘဝတူ တိုင်းရင်းသားညီနောင် အဖွဲ့အစည်းများ၊ အစိုးရများ၊ မဟာမိတ်များ၊ အခြားသော တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကြိုပမ်းနေကြောင်း သိရသည်။

#TachileikNewsAgency