သံတွဲတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်းသေဟု AA ထုတ်ပြန်

သံတွဲတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်းသေဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ ဂေါ့ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိသည်ဟု AA ထံမှ သိရသည်။

ဂေါ့တောင်တန်းအနီးတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့ကစတင်၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သည် ပင်လယ်ပြင်မှ စစ်သင်္ဘော (၃)စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနှင့် Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာအား အသည်းအသန်ခုခံနေသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဉ့်ကလျား ထွက်ပြေးနေပြီး သံတွဲနှင့် ဂေါ့ ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ Speed Boat တစ်စီးကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများကို ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းနေပြီး တိုက်ပွဲဖြစ်ပွားနေသောနေရာများမှာ သံတွဲနှင့် ငပလီ (မဇင်)လေယာဉ်ကွင်းအနီး၌ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမ်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ကြိုးပမ်းနေကာ တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

ဇွန်လ ပထမအပတ်သည် တိုက်ပွဲများပြင်းထန်ခဲ့ပြီး တစ်ပတ်တာ ထိုးစစ်အတွင်း မျက်မြင်နှင့် ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၏ အဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်မှာ (၄၀၀) အထက်ရှိသည်ဟု သိရသည်။

အဆိုပါ သေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများအပါအဝင် အမ်း၊ သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ဦးထက်မနည်း သေဆုံးသည်ဟု သိရသည်။

#TachileikNewsAgency