စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး တစ်လကျော်ကြာပြီဖြစ်သော်လည်း ဒေါနတောင်ခြေကို မဖြတ်ကျော်နိုင် 

စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး တစ်လကျော်ကြာပြီဖြစ်သော်လည်း ဒေါနတောင်ခြေကို မဖြတ်ကျော်နိုင် 

 ကရင်ပြည်နယ် မြဝတီကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ကိုယ်တိုင်ဦးစီးကွပ်ကဲနေသည့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး တစ်လကျော်ကြာပြီ ဖြစ်သော်လည်း ဒေါနတောင်ခြေကနေ  ရှေ့ဆက်မတိုးနိုင်သေးကြောင်း ကျားဖြူစစ်ကြောင်းက ၂၀၂၄ ခုနှစ် မေလ ( ၁၆ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မေလ(၁၆)ရက်နေ့တွင်  စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေး၏ စစ်ကြောင်းတွင် ပါဝင်သည့် ဖောကားနှစ်စီး အပါအဝင် တပ်မ ၅၅ ကို အင်အားဖြည့်လာသည့် တပ်မ ၇၇ အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးထက် မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း ကျားဖြူစစ်ကြောင်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို  အမှတ် ( ၃၁ ) ဗျူဟာလက်အောက်ခံ နဂါးဖြူ စစ်ကြောင်း၊ ကျားဖြူ စစ်ကြောင်း Multirotor Drone တပ်ဖွဲ့၊ Fixed Wing Drone တပ်ဖွဲ့ နှင့် Robinhood Rocket အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်ရှိ အာရှလမ်းမကြီးလမ်းပိုင်း ၊ ကော့ကရိတ်နှင့် မြဝတီမြို့တို့ကို ပြန်လည်သိမ်းယူရန် ဧပြီလ၏ ဒုတိယအပတ်တွင် အောင်ဇေယျစစ်ဆင်ရေးကို စတင်ခဲ့ပြီးရာ မေလ ဒုတိယအပတ်အထိ တစ်လကျော်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း နိုင်ငံတော်အဆင့်စစ်ဆင်ရေးသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေါနတောင်ခြေကို မကျော်ဖြတ်နိုင်ခြင်း ဖြစ်သည်။

ဒေါနတောင်ကြောတလျှောက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရာအရပ်တွင် သတိပြုနေထိုင်ကြရန် ကျားဖြူစစ်ကြောင်းက အသိပေးထားရှိသည်။

 အောင်ဇေယျစစ်ဆင်ရေး၏ စစ်ကြောင်းများသည် ၎င်းတို့ ဦးတည်ရာသို့ မရောက်မီတွင် လမ်းခရီးများ၌ တော်လှန်ရေးတပ်ဖွဲ့ဝင်များက အဖက်ဖက်ကနေ  ကြားဖြတ်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီတပ်ဘက်က အရာရှိနှင့် တပ်သား  သေဆုံးမှုများပြားလာသလို ၎င်းတို့၏ လက်နက်ခဲယမ်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များဘက်က သိမ်းဆည်းရရှိသည်အထိ ရှိကြောင်း သိရသည်။