စစ်ကိုင်းတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ဝင်တိုက်

စစ်ကိုင်းတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ဝင်တိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းတက္ကသိုလ်အတွင်း အင်အား(၁၀၀)ဝန်းကျင်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့တွင် တိုက်ခိုက်ကြောင်း သိရသည်။

“အင်အား(၁၀၀)ဝန်းကျင်နဲ့ တပ်စွဲထားတာကြာပါပြီ။ လက်ရှိစစ်ဆင်ရေးဖော်ဆောင်ချိန်မှာ ရန်သူဘက်က အင်အား(၅၀)ဝန်းကျင်ပဲရှိပါတယ်။ စစ်ဆင်ရေးဖော်ဆောင်ပြီးနောက်မှာ စစ်ကောင်စီတပ်က အနီးနားပတ်ဝန်းကျင်က ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ ရှိပါတယ်။”ဟု စစ်ကိုင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအတွင်း တက္ကသိုလ်အတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ကျောင်းအပေါက်ဝသို့ ရောက်ရှိချိန်တွင်လည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများသည်ဟု သိရသည်။

စစ်ကောင်စီ တပ်စွဲထားသည့်နေရာသည် တပ်မ(၃၃)မှ စစ်ကူလာပါက (၁၀)မိနစ်ဝန်းကျင်ကြာသာကြာပြီး တိုက်ပွဲအတွင်း စစ်ကူလာသည့် စစ်ကား(၃)စီးကိုလည်း တော်လှန်ရေးတပ်များက လမ်းတွင် မိုင်းဆွဲ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကား(၂)စီး ထိခိုက်ပျက်စီးမှုရှိသည်ဟုလည်း ဆို သည်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ရှိ ကျေးရွာတစ်ချို့ကို လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းအပါအဝင် ပြည်သူများကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

“ဖမ်းဆီးခံရသူအတိကျတော့မသိရဘူးခင်ဗျ။ စစ်ကိုင်းတက္ကသိုလ်ထဲကို ဖမ်းဆီးခေါ် ဆောင်သွားတာပါ။ ပြန်လွတ်လာသူတစ်ချို့လည်းရှိပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ကျောင်းသူ၊ ကျောင်းသားတစ်ချို့ကို စစ်မှုထမ်းရန် ဖိအားပေးမှုများအပါအဝင် တက္ကသိုလ်အနီးတွင်လည်း ဂိတ်ပြုလုပ်ကာ ပြည်သူများထံမှ ငွေကောက်ခံလျှက်ရှိသည်ဟု သိရသည်။

တိုက်ခိုက်မှုကို စစ်ကိုင်း PDF နှင့် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : စစ်ကိုင်း PDF တပ်ဖွဲ့ဝင်များ