စစ်ကောင်စီနှင့် NCA ၅ဖွဲ့ နေပြည်တော်တွင် တွေ့နေ

စစ်ကောင်စီနှင့် NCA ၅ဖွဲ့ နေပြည်တော်တွင် တွေ့နေ
သြဂုတ် 29, 2023 | 2021 Military Coup

အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် အဖွဲ့(၅)ဖွဲ့တို့ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

NCAလက်မှတ်ရေးထိုးထားသည့် အဖွဲ့များထဲမှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့် ပုဒ်မများ၊ ရွေးကောက်ပွဲပြုလုပ်မည့် ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ဩဂုတ်လ (၃၀)ရက်နေ့တွင် ဒုတိယအကြိမ် ဆွေးနွေးကြမည်ဟု ဆိုသည်။ ယခုတွေ့ဆုံမှုတွင် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/တောင်ပိုင်း ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ တက်ရောက်သည်ကို မတွေ့ရပါ။

NCA ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDUတို့ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

ထို့နောက် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့မှာ NCA တွင်မပါဝင်တော့ဘဲ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများလည်း ပြင်းထန်နေသည်။

#TachileikNewsAgency