ရေတာရှည်မြို့နယ် ခင်တန်းကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ကျဆုံးမှုရှိ၊ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအသုံးပြုပြီး ပစ်သတ်

ရေတာရှည်မြို့နယ် ခင်တန်းကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ကျဆုံးမှုရှိ၊ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအသုံးပြုပြီး ပစ်သတ်

ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ၂၀၂၄ခုနှစ် ဧပြီလ (၁၇)ရက်နေ့က တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ကျဆုံးမှုရှိကြောင်း တပ်ရင်းအမှတ်(၉၀၁) ထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်နေသည့်နေရာမှ စစ်ကောင်စီတပ်သည် နေ့လယ်ပိုင်းတွင် ခင်တန်းကြီးကျေးရွာဘက်သို့ ဒေသခံအရပ်သား တစ်ဦးအား လူသားဒိုင်းအဖြစ် လယ်ထွန်စက်မောင်းခိုင်းပြီး လယ်ထွန်စက်ကို ကာဗာယူ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။ 

"အဲဒီမှာ (၁၂)ခွဲလောက်မှာ ပစ်ခတ်မှုစဖြစ်တယ်။ ကျွန်တော်တို့ဘက်က စနိုက်ပါနဲ့လည်းကျွေးတာ ခွေး(၆)ကောင်ကျတယ်။ ရဲဘော်တွေက ပိတ်ဆို့ပစ်ခတ်တော့ စစ်ခွေးတွေအကျများပြီး နောက်ပြန်အဆုတ်မှာ စစ်ခွေးနှစ်ကောင်ပိတ်မိပြီး ကျန်ခဲ့တယ်။ လက်နက်ချပြီးအဖမ်းခံဖို့ လှမ်းပြောတာ ပြန်ခုခံတယ်။ ဒါကြောင့် ပစ်ခတ်ရှင်းလင်းပြီး သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့တယ်။"ဟု တပ်ရင်းအမှတ်(၉၀၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

 

တိုက်ပွဲတွင် တပ်ရင်းအမှတ်(၉၀၁)မှ တပ်ခွဲ(၃)ခွဲမှူး ရဲဘော်ဇိုးလေး(ခ)ချစ်ဆန်းမောင်၊ စနိုက်ပါရဲဘော် သရဲ(ခ)ဥက္ကာစိုးတို့ ၁၂၀ မမ လက်နက်ကြီးထိမှန် ကျဆုံးပြီး စစ်ကောင်စီတပ်ဘက်က အများအပြားသေကာ လက်နက်နှစ်လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် လယ်ထွန်စက်မောင်းခိုင်းပြီး ဖမ်းဆီးလာသည့် အရပ်သားကို ပစ်သတ်ထားခဲ့ပြီး ပစ်သတ်ခံရသူမှာ မည်သူဖြစ်ကြောင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ခိုက်မှုကို တပ်ရင်း ၃၅၀၁ တပ်ခွဲ(၄)၊ တပ်ရင်း ၈၀၄၊ တပ်ရင်း ၉၀၁၊ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency