မတ္တရာမှ ပြည်သူကားအား လုယူမောင်းနှင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သည့်ကားတန်း ကြားဖြတ်တိုက်ခိုက်ခံရ

မတ္တရာမှ ပြည်သူကားအား လုယူမောင်းနှင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သည့်ကားတန်း ကြားဖြတ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်အတွင်းမှ ပြည်သူ၏ကားအား လုယူမောင်းနှင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သည့် ကားတန်းအား စစ်ကိုင်းတွင် ကြားဖြတ်တိုက်ခိုက်ကြောင်း ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။

မတ္တရာမြို့နယ် စကျင်ကျေးရွာဘက်မှ ပြည်သူ၏ကားအား လုယူမောင်းနှင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သည့် ကား (၃)စီးအား စစ်ကိုင်းတိုင်း ဝက်လက်-ရှိန်းမကား ဗျူဟာလမ်းမပေါ်တွင် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ကားသုံးစီးအနက် တစ်စီး ထိခိုက်မှုရှိခဲ့ပြီး ကားပေါ်ပါလာသည့် ပျူစောထီးခေါင်းဆောင်တစ်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး နေရာတွင် သေဆုံးကာ ကျန်ကား (၂)စီးသည် စကျင်ရွာဘက်သို့ မောင်းနှင်သွားခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ တပ်ရင်းနဲ့ တခြားမဟာမိတ်တပ်ရင်းတွေနဲ့ ပေါင်းပြီး တိုက်ခိုက်ခဲ့တာဗျ။ တစ်စီးက ပြည်သူ့ကားကို ချောဆွဲပြီး နယ်ကျွံလာတာ ၊ သူတို့ဘက်ကနေလဲ ကျွန်တော်တို့ကို စက်လက်နဲ့ ပြန်ပစ်တော့ အဲ့နေရာမှာ တိုက်ပွဲဖြစ်ပြီး နေရာမှာပဲ ဆုံးခဲ့တာဗျ”ဟု ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင် မျောက်ညိုက Tachileik News Agency ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်အနည်းငယ် သိမ်းဆည်းရမိပြီး တိုက်ခိုက်မှုဆောင်ရွက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency 

Photo:DOUNG NI People Defence Force - DNPDF( ပုံဟောင်း)