မြ၀တီမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဒေသခံအများအပြား စစ်ဘေးရှောင်နေရ

မြ၀တီမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဒေသခံအများအပြား စစ်ဘေးရှောင်နေရ

မြ၀တီမြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်တပ်ရင်းဖြစ်သည့် ခလရ ၂၇၅ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၁၀)ရက်နေ့တွင်  ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအခြေအနေ ဆက်လက်ပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။

တိုက်ပွဲကြောင့် မြို့အနီးတစ်ဝိုက်တွင်လည်း ထိခိုက်ပျက်စီးမှုများရှိနေပြီး ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာသို့ ရှောင်ပြေးနေရကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

"လက်ရှိအချိန်အထိကတော့ ပစ်ခတ်သံတွေ ဆူညံနေတာပဲ ၊ လေယာဉ်သံတွေနဲ့ ပေါက်ကွဲသံတွေလည်း တောက်လျှောက်ကြားနေရတယ်။ အခု စိတ်ပူတဲ့ ဒေသခံတွေကတော့ မဲဆောက်ဖက်သွားဖို့လုပ်နေကြပြီ။ မြို့တွင်းမှာပဲ နေတဲ့လူတွေလည်း နေကြတယ်"ဟု မြ၀တီဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်တပ်အနေဖြင့် ထိုင်းနိုင်ငံနှင့်ကုန်သွယ်ရေးအချက်အချာမြို့ဖြစ်ပြီး မဟာဗျူဟာအရ အရေးပါသည့် မြ၀တီမြို့ တော်လှန်ရေးအင်အားစုများလက်ထဲသို့ မကျရောက်ရေး အပြင်းအထန်ခုခံကာကွယ်နေခြင်းဖြစ်သည်။

"မြ၀တီမြို့ကို သိမ်းနိုင်ပြီဆို ပြည်မနဲ့ မြေပြန့်က တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဌာနချုပ်တစ်ခုရသလိုပဲ၊  အဲ့ကနေ ကရင်ပြည်နယ်တစ်ခုလုံးပြီးတော့ တစ်နိုင်ငံလုံး လွတ်မြောက်တဲ့အထိ တိုက်ပွဲ၀င်နိုင်မယ်။"ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကပြောသည်။

တော်လှန်ရေးအင်အားစုများ၏ ဗျူဟာမြောက်ပိတ်ဆို့ဖြတ်တောက်မှုကြောင့် မြ၀တီမြို့တွင် ထီးထီးကြီးသာကျန်တော့သည့် ခလရ ၂၇၅ ကို ယမန်နေ့က တိုက်ခိုက်ခြင်းမပြုမီအချိန်အထိ ညှိုနိူင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း အဆင်မပြေခဲ့သောကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency

Photo: CJ