ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် အချုပ်သား ၂၀ ဦးနှင့် ပြည်သူ ၇၂ ဦးကို ကယ်ထုတ်နိုင်

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် အချုပ်သား ၂၀ ဦးနှင့် ပြည်သူ ၇၂ ဦးကို ကယ်ထုတ်နိုင်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် အချုပ်သား (၂၀)ဦးနှင့် ပြည်သူ (၇၂)ဦးတို့ကို ကယ်တင်နိုင်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၂၀)ရက်နေ့တွင် ထုတ်ပြန်သည်။

ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်များကို ဩဂုတ်လ (၁၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ တိုက်ခိုက်ကာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ 

          

စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အောင်ဟိန်းဦး ဦးစီး ခမရ (၇၀၄၊ ၇၀၈)၊ ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား (၇၉)ဦးရှိသည့် ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားသောနေ့တွင် ရေဦးမြို့မှ စစ်ကူဝင်ရောက်လာသော ခလရ(၈၉)မှ အင်အား (၆၀)ခန့်အား ဖြတ်တောက်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

ဩဂုတ်လ (၁၆)ရက်နေ့တွင် မြို့မရပ်ကွက်သို့ ဂျက်တိုက်လေယာဉ် (၂)စီးဖြင့် ဗုံး (၃)လုံး ကြဲချ တိုက်ခိုက်သွားပြီး ဩဂုတ်လ (၁၇)ရက်နေ့တွင် မြို့မရပ်ကွက်နှင့် မြို့အနီး မစိုးရိမ်ရွာ ဘုန်းကြီးကျောင်းအနီးသို့ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီး (၂)လုံး ကြဲချတိုက်ခိုက်သည်ဟု သိရသည်။ 

ယင်းနေ့တွင်ပင် မြို့တွင်းသို့ Y-12 (၁)စီးဖြင့် ဗုံးသီး (၅၆)လုံး ကြဲချတိုက်ခိုက်ပြီး မြို့ပတ်ပတ်လည်သို့ Mi-35 (၁)စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ဩဂုတ်လ (၁၈)ရက်နေ့ နေ့လယ် (၁၂)နာရီခန့် မြို့သိမ်းတိုက်ပွဲပြီးနောက် ရှင်းလင်းရေးဆောင်ရွက်နေစဉ် မြို့ပတ်ပတ်လည်သို့ Mi-35 (၁)စီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မြို့ပြင်သို့ Mi-17 (၂)စီးဖြင့် အင်အား (၅၄)ဦး ပို့ခဲ့သည်ဟု သိရသည်။ 

ယင်းနေ့တွင်ပင် Mi-35 (၁)စီးဖြင့် ဝဲပတ်ပြီး လပခမှ တက်လာသော Mi-17 (၂)စီးဖြင့် အင်အား (၅၀)ခန့် ထပ်မံပို့ချခဲ့ပြီးနောက် ဂျက်တိုက်လေယာဉ် (၁)စီးဖြင့် ဗုံးသီး (၂)လုံး ကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရေဦးမြို့နယ်၊ တိန်းတံရံရွာနှင့် ရွာဈေးကိုလည်း ဂျက်တိုက်လေယာဉ် (၂)စီးဖြင့် ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။ 

 

ထို့ကြောင့် တော်လှန်ရေးတပ်များသည် ဒီပဲယင်းမြို့အား သိမ်းပိုက်ရရှိပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကာ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် ရဲဘော် (၄)ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၈)ဦး သေဆုံးပြီး (၁၀)ဦးဒဏ်ရာရကာ ကျန်စစ်ကောင်စီအဖွဲ့ဝင်များမှာ ထွက်ပြေးသွားသည်ဟု သိရသည်။ 

ထို့အပြင် ပျူစောထီး (၂)ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီး Non-CDM ဝန်ထမ်း (၄၀)ဦးကိုလည်း ဖမ်းဆီးရရှိသည်ဟု သိရသည်။

တိုက်ပွဲအတွင် စစ်ကောင်စီထံမှ လက်နက်မျိုးစုံ (၂၂)လက်၊ ကျည်မျိုးစုံ (၄၉၀၀)ခန့်၊ ဗုံးသီးမျိုးစုံ (၅၇)လုံး၊ မိုင်းမျိုးစုံ (၂၀)လုံး၊ ကျည်အိမ် (၈)ခုနှင့် ငွေကျပ် သိန်း (၃၄၀)ကျော် သိမ်းဆည်းရရှိကြောင်း သိရသည်။

      

တိုက်ပွဲကို ရွှေဘိုခရိုင် အမှတ် (၁)ကွပ်ကဲရေးရုံး၏ ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၆၊ ၉၊ ၁၂)၊ ရွှေဘိုခရိုင်လှုပ်ရှားစစ်ကြောင်း၊ ရွှေဘိုခရိုင် ပကဖ၊ ဗျူဟာ-၅၃၊ 96Soldier၊ ဒီပဲယင်း LPDF ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency