မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးဒဏ်ရာရသူ (၁,၀၀၀) ကျော်အထိ မြင့်တက်လာ

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးဒဏ်ရာရသူ (၁,၀၀၀) ကျော်အထိ မြင့်တက်လာ
By Mr John



မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်း သို့မဟုတ် ပေါက်ကွဲတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား သေဆုံးမှု သို့မဟုတ် ကိုယ်လက်အင်္ဂါ ဆုံးရှုံးရမှု အရေအတွက်မှာ (၂) ဆကျော် မြင့်တက်ပြီး (၁,၀၅၂) ဦးအထိ ရှိလာခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ၂၀၂၄ ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် ပြောသည်။



မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက်မှာ (၂၇၀) ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး (၁၈၈) ဦး သေဆုံးကာ (၈၆၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း UNICEF က ထုတ်ပြန်ထားသည်။ 

၂၀၂၂ ခုနှစ်တွင် သေဆုံးဒဏ်ရာရသူ အရေအတွက် (၃၉၀) ဦးရှိခဲ့ရာမှ မြင့်တက်လာခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ အားလုံး၏ (၂၀) ရာခိုင်နှုန်းကျော်မှာ ကလေးငယ်များ ဖြစ်ကြကြောင်းလည်း UNICEF က ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်လာပြီး ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ဦးတည်နေမှုလည်း အဆုံးသတ်သွားခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် စစ်ပွဲက မြန်မာနိုင်ငံကို ကမ္ဘာတဝန်းတွင် မြေမြှုပ်မိုင်း အသုံးအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်အနည်းငယ်အတွင်း လက်နက်ကိုင် အရပ်သား တော်လှန်ရေးအဖွဲ့များက စစ်တပ်ကို အနိုင်ယူတိုက်ခိုက်ရန် ကာလရှည်ကြာ ရပ်တည်လာခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းလက်တွဲလာကြသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် စတင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအဖွဲ့များ၏ '၁၀၂၇' စစ်ဆင်ရေးအတွင်း စစ်တပ်မှာ သမိုင်းတွင်လောက်သည့် စစ်ပွဲရှုံးနိမ့်မှု ကြုံလာရပြီးနောက် စစ်အုပ်စုခေါင်းဆောင်များ မကြုံစဖူး ဖိအားကြုံနေရသည်။ 

ပြင်းထန်နေသည့် ပဋိပက္ခတွင် မြေမြှုပ်မိုင်းနှင့် အခြား ပေါက်ကွဲတတ်သော စစ်လက်နက်ပစ္စည်းများကို ဘက်အားလုံးက အသုံးပြုနေခဲ့ကြကြောင်း UNICEF က ဆိုသည်။

"မြေမြှုပ်မိုင်းတွေ အသုံးပြုတာက ရှုတ်ချပြစ်တင်ထိုက်ရုံသာမက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရလည်း ဥပဒေကို ဆန့်ကျင်တာ ဖြစ်ပါတယ်" ဟု UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Debora Comini က ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ဆက်နွယ်သော သေဆုံးဒဏ်ရာမှု အားလုံး၏ (၃၅) ရာခိုင်နှုန်းကျော်မှာ လက်နက်ကိုင်တော်လှန်ရေး အားကောင်းသာ စိုက်ပျိုးရေး အချက်အချာဒေသ စစ်ကိုင်းတိုင်းတွင် ဖြစ်ကြောင်း UNICEF အချက်အလက်များအရ သိရှိရသည်။

 

Source: Reuters