စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို ညပိုင်းအချိန်အတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်

စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို ညပိုင်းအချိန်အတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်
စက်တင်ဘာ 22, 2024 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ ည (၁၀)နာရီခွဲဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်။

ဗုံးကြဲတိုက်ခိုက်မှု (၂)ကြိမ်အတွင်း လားရှိုးမိုတယ်ရှေ့နှင့် ရပ်ကွက်(၁၂)အတွင်းရှိ အထက(၃)ကျောင်းရှေ့မှ ပြောင်းပွဲရုံတိုက်ပေါ်တို့တွင် ကျရောက်ပေါက်ကွဲပြီး လားရှိုးအခြေစိုက် Freedom Youth Volunteers အဖွဲ့၏ ကနဦး သတင်းအရ လူထိခိုက်မှုမရှိကြောင်း သိရသည်။

စစ်ကောင်စီသည် စက်တင်ဘာလ (၂၁)ရက်နေ့ နံနက် (၇)နာရီကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့မစျေးကို လေကြောင်းမှ ဗုံး (၅)လုံးကြဲ၍ တိုက်ခိုက်ခဲ့၍ ဆိုင်ခန်းအချို့ ပျက်စီးသွားခဲ့ရသည်။

စစ်ကောင်စီအခြေပြုရာ နေပြည်တော် အပါအဝင် ပဲခူး၊ ကယား (ကရင်နီ)၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ရှိ မြို့နယ်ပေါင်း (၅၉)ခုတွင် ယာဂီတိုင်ဖွန်းအရှိန်ကြောင့်  ဆိုးရွားစွာ ရေဘေးသင့်နေပြီး အရေးပေါ် အကူအညီများစွာ လိုအပ်နေချိန်တွင် စစ်ကောင်စီသည် ၎င်းတို့ လက်လွတ်ထားသည့် နယ်မြေများအား လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေခြင်းဖြစ်သည်။

ပုံအညွှန်း -  လားရှိုးမြို့ကို စက်တင်ဘာလ (၂၁)ရက်နေ့ညက ဗုံးကြဲတိုက်ခိုက်ခံရသည့်မြင်ကွင်း

 Photo:  Nay Wai Soe