စစ်တပ်၏ အနာဂတ်သည် စစ်တပ်ထဲတွင် ပါဝင်နေသည့် တပ်မှူး ၊ တပ်သားများ၏ အသိတရားရှိမှု၊ မရှိမှု အပေါ်တွင်သာ မူတည်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

စစ်တပ်၏ အနာဂတ်သည် စစ်တပ်ထဲတွင် ပါဝင်နေသည့် တပ်မှူး ၊ တပ်သားများ၏ အသိတရားရှိမှု၊ မရှိမှု အပေါ်တွင်သာ မူတည်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 
သြဂုတ် 11, 2024 | 2021 Military Coup

စစ်တပ်၏ အနာဂတ်သည် စစ်တပ်ထဲတွင် ပါဝင်နေသည့် တပ်မှူး ၊ တပ်သားများ၏ အသိတရားရှိမှု၊ မရှိမှု အပေါ်တွင်သာ မူတည်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ပြုလုပ်သည့် “ပြည်သူများသို့ အောင်စကား” အစီအစဉ်တွင် ပြောဆိုခဲ့သည်။

ပြည်သူများအပေါ် လက်နက်ကိုင် ဗိုလ်ကျပြီး၊ မထီမဲ့မြင်ပြုခဲ့သည် စစ်တပ်သည် ယနေ့တွင် ပြည်သူများ၏ ဒဏ်ခတ်မှုအပေါ်မရှုမလှ ခံစားနေရသည့် အချိန်သို့ရောက်ရှိနေပြီဖြစ်ပြီး ၊ စစ်ခေါင်းဆောင်များသည် အသိတရားမဝင်၊ အမြင်မှန်မရသေးဘဲ မိုက်လုံးကြီးနေဆဲဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

“စစ်ကောင်စီရဲ့နောက်ဆုံးနေ့တွေဟာ ကျနော်တို့မျက်စိရှေ့ကိုရောက်လာနေပြီ ဒီလိုပဲပြောချင်ပါတယ် ။ စစ်ကောင်စီတပ်ဆိုရင်လည်း လက်နက်မဲ့ပြည်သူတွေအပေါ်သာ အနိုင်ကျင့်၊ဗိုလ်ကျတဲ့ အလုပ်လောက်ပဲ တတ်နိုင်တာ။ သေနတ်ကိုင်ထားတဲ့ လူအချင်းချင်းဆို ခေါင်းကိုမဖော်နိုင်တော့တဲ့ တပ်တစ်ခုဖြစ်နေပါပြီဆိုတာ ပိုပြီးထင်ရှားလာတယ်။”ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ်များထဲတွင် အင်အားကြီးမားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကျဆုံး သွားခဲ့ပြီး ၊ အဆိုပါ အဓိပ္ပာယ်သည် နောက်ထပ် စစ်ကောင်စီတပ်၏ မည်သည့်တိုင်းစစ်ဌာနချုပ်မှ တော်လှန်ရေး၏ အင်အားကို ခံနိုင်ရည် မရှိတော့သည်ကို ဖော်ပြနေကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

“အခု ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေမှာ ကျနော် မြေပြင်ခရီးတွေ ဆက်တိုက်လောက်နီးပါးသွားခဲ့တယ်။ မြန်မာနိုင်ငံအထက်ပိုင်းမှာဆိုရင် အရှေ့ဘက် တရုတ်နယ်စပ်ကနေပြီးတော့၊ အနောက်ဘက် အိန္ဒိယနယ်စပ်အထိ သွားခဲ့တယ်။ ဒီခရီးစဉ်တွေဟာ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ ၊ တော်လှန်ရေးရဲဘော်တွေ မြေပြင်ကိုဘယ်လောက်အထိ စိုးမိုးထားပြီလဲဆိုတဲ့အချက်ကို သိသာထင်ရှားစေပါတယ်”ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

မြန်မာပြည်အတွင်းရှိ မြို့ပေါင်း (၃၅၂) မြို့အနက် တော်လှန်ရေးအင်အားစုများ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့်မြို့ပေါင်း (၇၅)မြို့ရှိပြီး ၊ စစ်ကောင်စီတပ်များအား မြို့တွင်းမှ မြို့ပြင်ထွက်မလာနိုင်အောင် ဝန်းရံပိတ်ဆို့ထားသည့် မြို့ပေါင်း (၁၀၅)မြို့ရှိကာ ၊ ပြည်သူ့တော်လှန်စစ်ဖြစ်ပွားနေသည့် မြို့ပေါင်း (၇၄)မြို့ရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

“စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေဟာ အခုဆို (၁၀၀)မပြည့်တော့ဘူး (၉၈)မြို့သာကျန်တော့တာ တွေ့ရတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ မြို့အားလုံးရဲ့ (၂၈)ရာခိုင်နူန်းကိုသာ စစ်ကောင်စီအနေနဲ့ ထိန်းချုပ်ထားနိုင်တော့တာ တွေ့ရတယ်။ အခုလို အုပ်စုလေးစု ခွဲခြားကြည့်ရင် တော်လှန်ရေးရဲ့ အခြေအနေနဲ့ မြေပြင်စိုးမိုးမှု အခြေအနေကို မြင်နိုင်မယ် ထင်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

စစ်ရေးအရ အရေးကြီးသည့် အောင်မြင်မှုများရရှိနေခြင်းသည် တော်လှန်ရေးအင်အားစုများအားလုံး၏ နိုင်ငံရေးနှင့် စစ်ရေးတို့တွင် ဟန်ချက်ညီ ဆောင်ရွက်မှုကြောင့်ဖြစ်ပြီး ၊ ဆက်လက်ပြီး တော်လှန်ရေးအင်အားစုများကြား အပြန်အလှန်နားလည်မှု ၊ ယုံကြည်မှု ၊ ပူးပေါင်းဆောင်ရွက်မှုများသည် ပို၍ အရေးပါလာပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးတိုင်းအတွင်းအထိ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရှမ်းမန်းစစ်ဆင်ရေးအား အထောက်အကူပြုစေမည့် ထနောင်းမြေစစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်လျှက်ရှိပြီး နေရာတချို့အား ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency