ငလျင်ဒဏ်ဘေးသင့် ပြည်သူများကို အကူအညီများ ပေးနိုင်ရေးအတွက် မုံရွာ - စစ်ကိုင်းလမ်းပိုင်းတွင် တိုက်ခိုက်မှုများ ရပ်ထားကြောင်း တော်လှန်ရေးအဖွဲ့များက ၂၀၂၅ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် ထပ်မံအသိပေးကြေညာထားသည်။
အဆိုပါ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများတွင် တိုက်ခိုက်မှုများအားလုံး ရပ်ထားသော်လည်း စစ်ကောင်စီ စိုးမိုးနေရာများတွင် စစ်ကောင်စီတပ်များက PDF ယူနီဖောင်းများ ဝတ်ဆင်၍ စစ်ရေးလှုပ်ရှားမှုရှိနေသည်ဟုလည်း သတိပေးထားသည်။
“လက်ရှိ ငလျင်ဘေးသင့်ခဲ့ရတဲ့ ပြည်သူလူထုကို ကယ်တင်ဖို့ရာအတွက် ၂၄ နာရီလုံး လမ်းအသုံးပြုလို့ရအောင် ပြန်ဖွင့်ပေးတဲ့ သဘောပါ။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Tachileik News Agency ကို မတ်လ(၃၁)ရက်နေ့တွင် ပြောသည်။
အဆိုပါ လမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်ရေး လှုပ်ရှားမှုများ ရှိသဖြင့် တိုက်ပွဲများ၊ မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က စတင်ကာ အများပြည်သူ အနေဖြင့် ညနေ(၆)နာရီမှ နောက်တစ်နေ့ နံနက်(၆)အထိ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားသည့် လမ်းပိုင်းဖြစ်သည်။
သို့သော် မတ်လ (၂၈)ရက်နေ့ ပြင်းထန်သည့် ငလျင်ဒဏ်ခံရပြီးနောက် အကူအညီများ ပေးနိုင်ရေးအတွက် အဆိုပါလမ်းပိုင်း၌ တိုက်ခိုက်မှုများ ရပ်တန့်လိုက်ခြင်းဖြစ်သော်လည်း စစ်ကောင်စီတပ်သားများက တော်လှန်ရေးအဖွဲ့၏ စခန်းအချို့ကို သိမ်းပိုက်စဉ်အတွင်း ရရှိသွားသည့် ဝတ်စုံများအသုံးပြုကာ လမ်းပိုင်း၌ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်တတ်ကြောင်းကိုလည်း အသိပေးထားသည်။
“အထူးသဖြင့် နတ်ရေကန် အထိုင်က စစ်ကောင်စီတပ်ဟာ PDF ယူနီဖောင်းနဲ့မလို့ အထင်လွဲအောင်လုပ်မယ့် အနေအထားမှာရှိပါတယ်။ မနေ့ကတော့ စစ်ကောင်စီတပ်တွေ အဲဒီလမ်းမှာ သွားလာတာမျိုးရှိတယ်။”ဟု တော်လှန်ရေးရဲဘော်က ပြောသည်။
အဆိုပါလမ်းပိုင်းအား အရေးပေါ်ကာလအနေဖြင့် ဧပြီလ(၂၀)ရက်နေ့ အထိသွားလာခွင့်ပြုထားပြီး လိုအပ်ပါက အချိန်ပြောင်းလဲ သတ်မှတ်မည်ဟု ဆိုသည်။
အင်အားပြင်းငလျင်ဒဏ်ကြောင့် အများပြည်သူကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ရက်သတ္တပတ်နှစ်ပတ်ကြာ ထိုးစစ်ရပ်နားသည်ဟု မတ်လ (၂၈) ရက်နေ့တွင် ကြေညာထားခြင်းဖြစ်သော်လည်း စစ်ကောင်စီတပ်ကမူ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် တိုက်ခိုက်မှုများကို ဆက်လက်လုပ်နေဆဲဖြစ်သည်ကို တွေ့ရသည်။
အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် ဒေသအများအပြားတွင် အဆောက်အဦများ ပြိုကျပြီး လူပေါင်းများစွာ ပိတ်မိနေသဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်နေရသည်မှာ နာရီပေါင်း (၈၀)ကျော်လာပြီ ဖြစ်သည်။