ရေးမြို့နယ်တွင် စခန်းသိမ်းခံရသဖြင့် ပြန်လည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထပ်မံတိုက်ပွဲဖြစ်

ရေးမြို့နယ်တွင် စခန်းသိမ်းခံရသဖြင့် ပြန်လည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထပ်မံတိုက်ပွဲဖြစ်

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့က မလွှဲတောင်အနီး ၌ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း Ye Guerrilla Forceထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၆)ရက်နေ့က ခေါဇာမြို့နယ်ခွဲရှိ စစ်ကောင်စီတပ်၏ (၁၄)မိုင် ဆက်သွယ်ရေးစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက ယခုကဲ့သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါပစ်ခတ်မှုအတွင်း YGFတပ်ဘက်က (၆၀)မမနှင့် (၄၀)မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်ကျော်ခန့် ကြာခဲ့သည်ဟု သိရသည်။

ဇူလိုင်လ (၆)ရက်နေ့က ခေါဇာမြို့ရှိ အရာရှိဦးစီးအင်အား (၁၀)ဦးရှိသည့် စစ်ကောင်စီပိုင် ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းအား တပ်ရင်း(၂၇)၊ တပ်ခွဲ(၂)နှင့် YGF-ရေးပြောက်ကျားတပ်ဖွဲ့  ပူးပေါင်းစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့ ဝင်ရောက်စီးနင်းမှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သော်လည်း စစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါစခန်းမှ ရှေ့ထွက်မိုင်း(၃)လုံး၊ ကပ်သီး(၁၈)ခု၊ M-16 ကျည် (၂၁၈)တောင့်၊ ၄၀ မမ ကျည် (၂၀)လုံး၊ လက်ပစ်ဗုံး (၂၀)လုံး၊ ကျည်ဘောက် (၁၀)ခု၊ အီကွေမင့် (၂)စုံ၊ မှတ်ပုံတင် (၂)ခု၊ ဖုန်း(၃)လုံး၊ ယူနီဖောင်းတစ်စုံ(တပ်သားအဆင့်)တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီပိုင် ဆက်သွယ်ရေးတာဝါတိုင်(Micro Wave)အား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း Ye Guerrilla Force က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : ဇူလိုင်လ(၆)ရက်နေ့က သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ