မြောက်ဦးခရိုင်ရဲစခန်းကို AA သိမ်းပိုက်

မြောက်ဦးခရိုင်ရဲစခန်းကို AA သိမ်းပိုက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ခရိုင်ရဲစခန်းအား ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့ ညပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း AAထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်းတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စီးဖြင့် မြောက်ဦးမြို့ပေါ်ရှိ လူနေအိမ်၊ ရပ်ကွက်များအတွင်းသို့  ပစ်ခတ်ခဲ့ပြီး မြောက်ဦးအခြေစိုက် စကခ(၉) လက်အောက်ခံ တပ်ရင်းများကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် လေးမြို့စားကျေးရွာ၊ ထမ္မရာဇ်ရပ်ကွက်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်ရုံးနှင့် ထွေအုပ်ရုံးတို့ မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

မြောက်ဦးမြို့ရှိ စစ်ကောင်စီ ခမရ (၃၇၇)တပ်ရင်းက လက်နက်ကြီးဖြင့် တနေကုန်ပစ်ခတ်ခဲ့ရာ ဆင်ချဆိပ်ရပ်ကွက်မှ ဟင်းခင်းတစ်ခုအတွင်းသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးအမျိုးသားတစ်ဦးလည်း သေဆုံးခဲ့သည်ဟု သိရသည်။ 

ညပိုင်းတွင် စစ်ကောင်စီ၏တပ်က စစ်ဘေးရှောင်ပြည်သူများ ခေတ္တခိုလှုံနေသည့် ဘုရားပေါ်ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံအားဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်း‌ကြောင့် စစ်ဘေးရှောင်ကလေးငယ် (၃)ဦးနှင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး (၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။ 

(၃)ရက်အတွင်း မြောက်ဦးအ‌ခြေစိုက် တပ်ရင်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြောက်ဦးဒေသခံ (၉)ဦး သေဆုံးခဲ့ရကာ (၁၆) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၄)ရက်နေ့ကစတင်ကာ မြောက်ဦးမြို့ ငွေတောင်ပေါက်တံတားရှိ ငွေတောင်ပေါက်ရဲစခန်းနှင့် သူတော်မတောင်စခန်းတို့ကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခိုက်ခဲ့ပြီး‌နောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ခမရ (၅၄၀)နှင့် ခမရ(၃၇၇)တပ်တို့က ပစ်ခတ်သည့် လက်နက်ကြီးများ နေအိမ်များနှင့် မြောက်ဦးယဉ်ကျေးမှုပြတိုက်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကာ ပျက်စီးမှုများခဲ့သည်။

#TachileikNewsAgency