စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ထိုလွီဝါး လူထုအထက်တန်းကျောင်းဝင်းထဲကျကာ ကျောင်းသူ(၃)ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ထိုလွီဝါး လူထုအထက်တန်းကျောင်းဝင်းထဲကျကာ ကျောင်းသူ(၃)ဦး ဒဏ်ရာရ

ကရင်ပြည်နယ် KNU တပ်မဟာ (၂)နယ်မြေ တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ ထိုလွီဝါး လူထုအထက်တန်းကျောင်းဝင်းသို့ ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၄)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျကာ ကျောင်းသူ (၃)ဦးဒဏ်ရာရရှိကြောင်း သိရသည်။

တောင်ငူမြို့နယ်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(၃၀၆)က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုလွီဝါး လူထုအထက်တန်းကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းဘော်ဒါဆောင်နေ ကျောင်းသူ(၃)ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးကြောင့် ကျောင်းသူ(၂)ဦးမှာ လက်နက်ကြီးအစ ခေါင်းကို ရှပ်ထိမှန်ဒဏ်ရာနှင့် ကျန်တစ်ဦးမှာ လက်ထိမှန် ဒဏ်ရာတို့ရရှိထားကာ ကျောင်းကိုလည်း ပိတ်ထားရသည်ဟု KNU တပ်မဟာ (၂)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ယနေ့ ဇွန်လ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် ပြောသည်။ 

ထိုလွီဝါး လူထုအထက်တန်းကျောင်းသည် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ကျောင်းသား၊ ကျောင်းသူ (၂၀၀၀)ဝန်းကျင်ကို ပညာသင်ကြားပေးနေသည့် ကျောင်းဖြစ်သည်။

#TachileikNewsAgency