ပုလဲမြို့နယ်အတွင်း မိုခါ မုန်တိုင်းကြောင့် ကျိုးကျသွားသည့်  မြောက်ယာမားနှင့် တောင်ယမား ဆည်ကို CDM အင်ဂျင်နီယာများ၏ အကူအညီဖြင့် ပြုပြင်မည်

ပုလဲမြို့နယ်အတွင်း မိုခါ မုန်တိုင်းကြောင့် ကျိုးကျသွားသည့်  မြောက်ယာမားနှင့် တောင်ယမား ဆည်ကို CDM အင်ဂျင်နီယာများ၏ အကူအညီဖြင့် ပြုပြင်မည်

 မိုခါ မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးသွားခဲ့သည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ မြောက်ယာမားနှင့် တောင်ယမားဆည် ပင်မမြောင်းနှင့် လက်တံမြောင်းတချို့ကို ဆည်မြောင်းဝန်ကြီးဌာန၊ CDM အင်ဂျင်နီယာများ၏ အကူအညီဖြင့် ပြုပြင်ရန်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ပျက်စီးဆုံးရှုံးမှုအနေထားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သက်ဆိုင်ရာဝန်ကြီးဌာနများထံ တင်ပြထားပြီးဖြစ်ကာ ဝန်ကြီးဌာနများဘက်ကလည်း အသေးစိတ်တွက်ချက်မှုများ တောင်းယူကာ ထိုက်သင့်သည့်ကူညီပံ့ပိုးမှုများ လုပ်ပေးမည်ဟု ဆိုသည်။

"ကျွန်တော်တို့ရဲ့ အင်ဂျင်နီယာတွေရဲ့ တွက်ချက်မှုနဲ့ အားချင်းလုပ်နေပါပြီ။ ဆည်ရေသောက် ဧရိယာထဲမှာပါတဲ့ တောင်သူတွေဆီကနေလည်း ထိုက်သင့်တဲ့ ရန်ပုံငွေတွေ ခွဲတမ်းအနေနဲ့ကောက်ခံပါ့မယ်။ ကျွန်တော်တို့ ကောက်ခံလို့ရတဲ့ငွေတွေနဲ့ အရေးပေါ်စပြီး ပြင်ဆင်ပါ တော့မယ်။"ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လူသားစာနာတာဝန်ခံ တစ်ဦးမှ Tachileik News Agency ကို မေလ ( ၂၇ )ရက်နေ့က  ပြောထားသည်။

ဒါအပြင် ရန်ပုံငွေကောက်ခံမှုရရှိသည့် အနေအထားနှင့်သာ တဆင့်ချင်း ရေလွှတ်ဧရိယာများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ရေလွှတ်ဧရိယာလုံလုံလောက်လောက်ရရှိမည့်တောင်သူများထံကသာ ကောက်ခံဦးမည်ဟု ဆိုသည်။

"ရေလွတ်ဧရိယာ လုံလုံလောက်လောက်မရတဲ့ တောင်သူတွေဆီက မကောက်သေးပါဘူး။ ထပ်တိုးထပ်တိုးပြင်ရင်းနဲ့မှ ကောက်ခံသွားဖို့ စီစဉ်ထားပါတယ်။"ဟု ၎င်းကဆက်ပြောသည်။

ပျက်စီးသွားသည့် တောင်ယမားဆည်၏ အဓိကရေလွတ်မြောင်းမကြီးနှင့် မြောင်းလက်တံကို မြို့နယ် ပအဖ ထိန်းချုပ်ထားသည့် ‌ ဘက်ဖိုးများနှင့် စတင်ပြင်နေဟုလည်း ဆိုသည်။

 

"ပင်မမြောင်းကနေ လယ်ယာတွေကို ရေပေးဖို့ အဓိက အမှီပြုနေတဲ့ လက်တံမြောင်း (၁၀)ခု ရှိပါတယ်။ ပင်မမြောင်းပျက်စီးခဲ့လို့ လက်တံမြောင်း( ၁၀ )မြောင်းမှာ အမှီပြုနေတဲ့ ဆည်ရေသောက် လယ်ဧက ( ၁၀,၀၈၂ )ဧက မိုးစပါးစိုက်ပျိုးဖို့ ခက်ခဲနေပါတယ်။"ဟု ပုလဲမြို့ နယ်မှ ဒေသခံတစ်ဦးက Tachileik News Agency ကို  ပြောသည်။

ဒါ့အပြင် လက်ယာမြောင်းလည်းပျက်ဆီးခဲ့ပြီး ယင်းမြောင်းအပေါ် အမှီပြုနေသည် ဆည်ရေသောက် လယ်ဧက( ၇,၀၀၀ ) ဧက ကျော်မှာလည်း မိုးစပါးစိုက်ပျိုးရေးအတွက် ခက်ခဲနေသည်ဟု သိရသည်။

ပင်မမြောင်း ပျက်စီးမှုကို ပြန်လည်ပြင်ဆင်မည်ဆိုပါက ကျပ်သိန်းပေါင်းထောင်နှင့်ချီ၍ ကုန်ကျမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရေပေဝေရေးမြောင်းများကို အမှီပြုနေသည့် လယ်ဧက စုစုပေါင်း ( ၁၇,၀၈၂ )ဧကမှာ တစ်ဧကလျှင် စပါးတင်း( ၈၀ )ဝန်းကျင် ထွက်‌ပြီး အဆိုပါမြောင်းများကို အချိန်မှီ မပြင်ဆင်နိုင်ပါက မိုးစပါးစိုက်ပျိုးမှုမှ ထွက်ရှိလာမည့် စပါးတင်းပေါင်း( ၁၃ )သိန်းကျော် ဆုံးရှုံး နိုင်သည်ဟု သိရသည်။

၂၀၂၃ခုနှစ်၊ မေလ( ၁၄ )ရက်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်း ကြောင့် မြောက်ယာမားနှင့် တောင်ယမားဆည် ပင်မမြောင်းနှင့် လက်တံမြောင်းတချို့ကျိုးကျ ပျက်စီးသွားခဲ့ပြီး ကျေးရွာပေါင်း ( ၃၄ )ရွာ ရေနစ်မြုပ်ခဲ့ပြီး နွေရာသီ စိုက်ပျိုးလယ်ယာဧက ( ၂၇၀၀ )ကျော် ပျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် တံတား ( ၁၇ )စင်း၊ လမ်း ( ၂၃ )လမ်း၊ စပါး၊ နှမ်း၊ ပဲ၊ ဆန် တင်း‌ထောင်ချီ၊ ကြက်သွန် ပိဿာ ( ၅ )သောင်းခန့်၊ တခြား အိမ်တွင်းပစ္စည်းများနှင့် နွား၊ဆိတ်၊ သိုး၊ ဝက်အကောင်ရေ ( ၂၀၀ )ဝန်းကျင် သေဆုံးပျက်စီးခဲ့ရကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။