ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်အရေး စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်အရေး စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်အရေး စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ လုံခြုံရေးကောင်စီတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အကြောင်းအရာအောက်၌ ပြောင်းလဲလာသည့် ပတ်ဝန်းကျင်တွင် အမျိုးသမီးများ ငြိမ်းချမ်းရေး တည်ဆောက်ရေး ခေါင်းစဉ်ဖြင့် တံခါးဖွင့် အစည်းအဝေး၌ တိုက်တွန်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

(၄) နှစ်ဟူသော ကာလမှာ အလွန်ကြာမြင့်နေပြီဖြစ်၍ အချိန်သည်လည်း မိမိတို့ကို စောင့်ဆိုင်း၍ မနေဘဲ ၊ မြန်မာပြည်သူများအနေဖြင့် အသက်အိုးအိမ်များကို မလိုအပ်ဘဲ စွန့်လွှတ်အနစ်နာခံနေရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

ကမ္ဘာကြီးအနေဖြင့် ပြစ်မှုကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချ၍ ရာဇဝတ်မှုများ ဆက်လက်တိုးချဲ့မည်ကို လက်ပိုက်ကြည့်မနေသင့်ဘဲ လုံခြုံရေး ကောင်စီအနေဖြင့် လည်း တုံ့ဆိုင်းနေမည့်အစား မြန်မာနိုင်ငံ အကျပ်အတည်းအား ချုပ်ငြိမ်းရန် ကောင်စီ၏ အလုံးစုံသော အခွင့်အာဏာနှင့် တာဝန်ဝတ္တရားတို့ကို အသုံးချကာ အရေးယူ ဆောင်ရွက်သင့်သည်ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် ပဋိပက္ခများ ရာနှင့်ချီ၍ မြင့်တက်လာခြင်းမှာ ကိန်းဂဏန်းမျှသာ မဟုတ်ဘဲ ယင်းပဋိပက္ခများနှင့် နောက်ဆက်တွဲဆိုးကျိုးများကို အရပ်သားပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များက အများဆုံး ခါးစည်းခံနေရခြင်းမှာ လူသားဆန်မှု သိသိသာသာ ကျဆင်းလာခြင်းနှင့် မိမိတို့၏ နိုင်ငံပေါင်းစုံစနစ် ကျရှုံး၍ ပြစ်မှုကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းမူဘောင်များကို အဆက်မပြတ် ကျူးလွန်ခွင့် ရရှိနေခြင်းတို့ကို ပြသနေကြောင်း သံအမတ်ကြီးက ဆိုသည်။

မိမိတို့အနေဖြင့် နစ်နာသူများ၏ အသံကို ရှင်းလင်းကျယ်လောင်စွာ ကြားသိရပြီး ကျူးလွန်သူများအပေါ်၌လည်း ကန့်ကွက်ရှုတ်ချထားသော်လည်း နိုင်ငံရေးဆန္ဒနှင့် ပေါင်းစပ်မှုရှိသည့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ကင်းမဲ့နေခြင်းက အဆိုပါ အကျပ်အတည်းများ အရှိန်အဟုန်ဖြင့် တိုးပွားစေရန် လမ်းဖွင့်ပေးနေသည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများ၏ ကြီးမားသော ခုခံတော်လှန်မှုကို ဘက်ပေါင်းစုံမှ ရင်ဆိုင်နေရသည်နှင့်အမျှ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အနေဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ နေရာဒေသများ၊ နေရပ်စွန့်ခွာသူ စခန်းများပေါ်သို့ လေကြောင်းမှတဆင့် ဗုံးကြဲခြင်းကို ထပ်တိုး၍ စနစ်တကျနှင့် ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိကာ အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှု၊ အရပ်သားပြည်သူ အသက်သေကျေပျက်စီးမှုများနှင့် အခြေခံ အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးခြင်း တို့ကို ဖြစ်ပေါ်စေကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ်အုပ်စုမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် အရပ်သားပြည်သူအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းတို့၏ တပ်သားများအနေဖြင့် များပြားလှသော လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

အမျိုးသမီးများ အပါအဝင် အရပ်သားများအား လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် နောက်ဆုံးဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံရသူများအနက် အချို့မှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ခုတ်ထစ်ပိုင်းခြင်း ခံထားရပြီး အချို့၏ ဦးခေါင်းများမှာ ခြံစည်းရိုးများအပေါ်တွင် ချိတ်ဆွဲခံထားရကာ ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာလည်း ပြန့်ကျဲနေပြီး အဆိုပါ ဖြစ်စဉ်ကို ပြောကြားရသည်မှာပင် ထိတ်လန့်ဖွယ်ကောင်းကြောင်း သံအမတ်ကြီးက ဆိုသည်။

ထိုသို့သော စိန်ခေါ်မှုများ ပြည့်နှက်နေသည့် အခြေအနေ၊ အသက်အန္တရာယ်ခြိမ်းခြောက်မှု ကြီးမားသည့် ပတ်ဝန်းကျင်၌ပင် ရဲစွမ်းသတ္တိပြည့်ဝသော မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များက စစ်အာဏာရှင်အား အမြစ်ပြတ် တိုက်ထုတ်ရာတွင် မြေပြင်ရှိ တော်လှန်ရေး အင်အားစု အသွင်ဖြင့်တဖန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူများအဖြစ်လည်း ရှေ့တန်းမှ မားမားမတ်မတ် ပါဝင်လျက်ရှိပြီး အချို့မှာ မြန်မာနိုင်ငံ အနာဂတ်အား ရေးဆွဲသည့် စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်လျက်ရှိသည်ဟု ဆိုသည်။

ထိုသို့ ပါဝင်နေလင့်ကစား အများစုမှာ စိတ်ဒဏ်ရာများရရှိနေပြီး လူမှုစိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကာ ၎င်းတို့ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံတည်ဆောက်ရေးနှင့် အနာဂတ်ပုံဖော်ရေး လုပ်ငန်းစဉ်များအတွက် အရှိန်အဟုန် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အမျိုးသမီးများ ပါဝင်ခွင့် ပိုမိုရရှိစေနိုင်မည့် အခင်းအကျင်းကို ဖန်တီးပေးရမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့၏ မိတ်ဖက်ပူးပေါင်းဆောင်ရွက်သူများအား ကူညီပေးရန် တိုက်တွန်းလိုကြောင်းနှင့် အထူးသဖြင့် အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းများအတွက် အကူအညီများနှင့် သင့်လျော်သည့် အစီအစဉ်ရှိသော ရန်ပုံငွေ ထောက်ပံ့မှုများ ပေးအပ်ရေးက အလွန်အရေးကြီးဟု ဆိုသည်။

မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများအရ ဒီမိုကရေစီဆန်သော အားလုံးပါဝင်သည့် အဖွဲ့ အစည်းများအား တောင့်တင်းခိုင်မာအားကောင်းစေရန် ကျယ်ပြန့်ထိရောက်သည့် အကူအညီများ လိုအပ်သည်ဟု အလေးအနက်ထား ပြောကြားလိုပြီး သို့မှသာ WPS Agenda ဖော်ဆောင်ရန် ဖြစ်နိုင်မည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုအားလုံးကို ဖြေရှင်းရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင်အရည်အသွေးများ ကြွယ်ဝစေရန် ဥပဒေနှင့်မူဝါဒများတွင် လိင်ပိုင်းဆိုင်ရာ ရှုထောင့်များကို ထည့်သွင်းရမည်ဟု ထပ်လောင်း ပြောကြားလိုကြောင်း သံအမတ်ကြီးက ဆိုသည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအရေးအား ဖြေရှင်းနိုင်ရန် အဓိကဇစ်မြစ်ကို မေ့လျော့၍ မရဘဲ ၊  ယင်းဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ဖြစ်သည်ဟု ဆိုသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကျူးလွန်သူအားလုံးကို တာဝန်ခံမှုရှိစေရေးက အထူးအရေးကြီးပြီး ထို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းအား ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဆိုသည်။

မိမိတို့ဘက်မှလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်း၊ ပြည်ပ၌ အမျိုးသမီးများ ဦးဆောင်လျက်ရှိသော အဖွဲ့များ၊ ပြည်သူများနှင့် အတူတကွရပ်တည်ကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးတို့ကို လက်တွဲညီညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန် သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ထပ်လောင်း တောင်းဆိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်ရှိ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တိုက်တွန်းပြောဆိုခဲ့သည်။

#TachileikNewsAgency

Photo: Permanent Mission of Myanmar to the United Nations