ယင်းမာပင်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပျက်စီးသွားသဖြင့် ကျောင်းပိတ်ထားရ 

ယင်းမာပင်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပျက်စီးသွားသဖြင့် ကျောင်းပိတ်ထားရ 
စက်တင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၃၆) တပ်ရင်းစခန်းအပါအဝင် စာသင်ကျောင်းနှင့် ဆေးခန်းတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့မှုကြောင့် ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေရကာ စာသင်းကျောင်းလည်း ပိတ်ထားရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းမှ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၃၆) တပ်ရင်းစခန်း အပါအဝင် တောတွင်းစာသင်ကျောင်းနှင့် ဆေးခန်းတို့ကို မိနစ်(၄၀)ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၃၆)တပ်ရင်းမှ ရဲဘော်များသည် လက်နက်အားလုံးနီးပါးနှင့် စစ်ကြောင်းထွက်နေချိန် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စခန်းအတွင်း ကျန်ရှိခဲ့သည့် ရဲဘော်များလည်း အကျအဆုံးမရှိခဲ့သော်လည်း ရဲဘော်တစ်တစ်ဦးမှာ လက်နက်ကြီးအစ ထိမှန်၍ လက်ကောက်ဝတ်သွေး လွှတ်ကြောပြတ်ဒဏ်ရာနှင့် အရိုးထိဒဏ်ရာတို့ဖြင့် ဆေးကုသနေရဆဲဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးခန်းနှင့် ဆေးများ ပျက်စီးသွားခဲ့ရပြီး တောတွင်းရှိ စစ်ဘေးရှောင်ကလေးများကို ပညာသင်ကြားပေးနေသည့် ကျောင်းလည်း ပျက်စီးခဲ့ရကာ ကျောင်းသားများ အထိအခိုက်မရှိခဲ့သော်လည်း လက်ရှိတွင် ကျောင်းပိတ်ထားရကြောင်း ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၃၆)က ယနေ့ စက်တင်ဘာလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

#TachileikNewsAgency

Photo :ယင်းမာပင်မြို့နယ် တပ်ရင်း ၁ - ခရိုင်တပ်ရင်းအမှတ်- 36