ခမရ(၃၆၈) စစ်ကြောင်းက ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ(၃)ရွာအတွင်းမှ နေအိမ် အနည်းဆုံး (၃၀)ကျော်ကို မီးရှို့ဖျက်ဆီး

ခမရ(၃၆၈) စစ်ကြောင်းက ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ(၃)ရွာအတွင်းမှ နေအိမ် အနည်းဆုံး (၃၀)ကျော်ကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများအား အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ(၃၆၈)တပ်က (၃)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ(၃)ရွာမှ နေအိမ် အနည်းဆုံး (၃၀)ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း ကန့်ဘလူခရိုင် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ၂၀၂၃ခုနှစ် မေလ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ခမရ(၃၆၈)တပ်က ၂၀၂၃ခုနှစ် မေလ(၁၈)ရက်နေ့က ဇီးကုန်းတိုက်နယ်အတွင်း မကျီးကုန်းကျေးရွာမှ နေအိမ်(၁၄)လုံးအား လည်းကောင်း၊ မေလ(၁၉)ရက်နေ့တွင် ဆူးတပ်ရွာမှ နေအိမ်(၂၀)အားလည်းကောင်း မီးရှိုးဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မေလ(၂၀)ရက်နေ့ နံနက်(၈)နာရီ မိနစ်(၅၀)အချိန်ကလည်း ဖုတ်ကုန်းရွာအတွင်း ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်းနှင့် လက်ရှိတွင် စစ်ကောင်စီတပ်သည် ဖုတ်ကုန်းကျေးရွာတွင် ညအိပ်တပ်စွဲထားသည့်အတွက် နေအိမ်မည်မျှ ထိခိုက်ပျက်စီးခဲ့ရသည်ကို အတည်မပြုနိုင်သေးကြောင်း သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကြောင်းများသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများတွင် ဝင်ရောက်ပြီး ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းခြင်း၊ နေအိမ်အတွင်းမှာ စားစရာများ ယူငင်စားသောက်ခြင်း၊ တန်ဖိုးရှိ ပစ္စည်းများကို ခိုးဝှက်ယူဆောင်သွားခြင်းအပြင် ဒေသခံများကို မထင်ရင် မထင်သလို PDF ဟု စွပ်စွဲကာ ညှင်းပမ်းနှိပ်စက်ခြင်းများ ပြုလုပ်သည့်အပြင် နေအိမ်များကိုလည်း PDF များ၏ နေအိမ်ဖြစ်သည်ဟု သတ်မှတ်ကာ မီးရှို့ဖျက်ဆီးလေ့ရှိကြောင်း ဒေသခံများ ထံက သိရသည်။

ပုံအညွှန်း - ဆူးတပ်ရွာအတွင်း မီးရှို့ခံရသည့် ပုံအချို့ 

 

Photo: ကန့်ဘလူခရိုင် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့