ရှမ်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ်များကို အများအပြား အသုံးပြုနေပြီး ဘက်ပြောင်းခိုလှုံလာသူ (၁၃)ဦးရှိကြောင်း KNDF က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ထုတ်ပြန်သည်။
KNDF တပ်ရင်းအမှတ်(၃) လှုပ်ရှားနယ်မြေ၌ ယခုနှစ် ဖေဖော်ဝါရီလအတွင်း လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား(၅)ဦးနှင့် ရှေ့တန်းစစ်မြေပြင်အတွင်း လက်နက်မဲ့ထွက်ပြေး၍ လွတ်မြောက်လာသူ (၈)ဦးတို့ကို လုံခြုံစွာ ထိန်းသိမ်းထားသည်ဟု ထုတ်ပြန်ထားသည်။
ကရင်နီ-ရှမ်းတောင် နယ်စပ်တို့တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး မိုးဗြဲမြို့တွင် တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေရာ စစ်ကောင်စီတပ်သားများသည် KNDF တပ်ရင်းထံ ထွက်ပြေးခိုလှုံလာကြခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ထိုးစစ်များနှင့်အတူ ရှေ့တန်းစစ်မြေပြင်တွင် လူအင်အားချည့်နဲ့လာသောကြောင့် ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှစ၍ အဓမ္မစုဆောင်းထားသော ပြည်သူ့စစ်မူထမ်းများကို စစ်မြေပြင်တွင် ရှေ့ဆုံးမှ ထုတ်သုံးလာသည်ဟု ဆိုသည်။
ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောဆိုချက်များအရ ပြည်သူ့စစ်မူထမ်းများအားလုံးနီးပါးမှာ တပ်တွင်းသို့ ဝင်ရန်ဆန္ဒမရှိဘဲ စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးမှူးများမှပူးပေါင်း၍ အတင်းအဓမ္မ စုဆောင်းခြင်းခံရသူများ ဖြစ်သည်ဟု ဆိုသည်။
စစ်မြေပြင်တွင် အသက်မပြည့်သေးသော ကလေးငယ်များလည်းပါဝင်သည်ကိုတွေ့ရပြီး ကရင်နီပြည်နယ်တွင်း စစ်မြေပြင်များသို့ ပိုဆောင်ခံရသူအများစုမှာ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အစရှိသည့်နေရာများကဖြစ်ကာ (၃)လကြာ အခြေခံစစ်သင်တန်းပေး၍ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွတ်ခံရသူများဖြစ်သည်ဟု သိရသည်။
ပြည်သူများ၊ လူငယ်များအနေဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း၊ တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခြင်းများ မခံရစေရန်အတွက် အထူးသတိပြုနေထိုင်ကြရန်နှင့် စုဆောင်းခံပြီး ရှေ့တန်းစစ်မျက်နာပြင်သို့ပို့ခံရပါက နီးစပ်ရာတော်လှန်ရေးတပ်ဖွဲများထံချိတ်ဆက်၍ ဘက်ပြောင်းခိုလှုံကြရန်လည်း အသိပေးထားသည်။
#TachileikNewsAgency
Photo:KNDF