နတ်တလင်းမြို့နယ်အတွင်းသို့ အင်အားဖြည့်ရန် လာသည့် အာဏာသိမ်းစစ်အုပ်စုကို PDF ပူးပေါင်းအဖွဲ့က ပြောက်ကျားနည်းဖြင့် ကြားဖြတ် တိုက်ခိုက်

  Photo: Bago Region PDF
  Photo: Bago Region PDF
နတ်တလင်းမြို့နယ်အတွင်းသို့ အင်အားဖြည့်ရန် လာသည့် အာဏာသိမ်းစစ်အုပ်စုကို PDF ပူးပေါင်းအဖွဲ့က ပြောက်ကျားနည်းဖြင့် ကြားဖြတ် တိုက်ခိုက်

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက်ပိုင်း ဘိုးကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ်အား  PDF ပူးပေါင်းအဖွဲ့က ပြောက်ကျားနည်းဖြင့်  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၆)နေ့၏ နေ့လည်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၊ မကျီးပင်စက်လှေဂိတ်မှ အင်အား (၂၀)ခန့်ပါသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃နှင့် တပ်ခွဲ ၄ တို့ စုပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ (၄)ဦးသေဆုံးကာ ( ၆ ) ဦးဒဏ်ရာရခဲ့ကြောင်း ပဲခူးစစ်ဒေသခွဲက သတင်းထုတ်ပြန်ထားသည်။ 

PDF ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာသည့် စစ်ကောင်စီတပ်သည် ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေးတပ်များမှာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်တွင် စစ်ကောင်စီစစ်ကြောင်းကို လိုက်လံပို့ဆောင်သည့် လှေသမားတစ်ဦးနှင့် ပြည်သူတစ်ဦးတို့ မစိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ခွဲ ၂ ဖြစ်သည့် နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Phoenix DF ) ထံမှ သိရသည်။

ပဲခူးတိုင်း စစ်ဒေသခွဲလက်အောက်တွင် တောင်ငူ၊ ပြည်၊ ပဲခူး၊ သာယာဝတီခရိုင်ဟူ၍ ခရိုင် PDF တပ်ရင်းများဖွဲ့စည်းထားပြီး သာယာဝတီခရိုင် PDF တပ်ရင်း လက်အောက်ရှိ တပ်ရင်း ၃၆၀၁၊ ၃၆၀၂၊ ၃၈၀၁၊ ၃၈၀၂ တို့သည် ပြည်၊ပေါင်းတည်၊ ပေါက်ခေါင်း၊ အင်းမ၊ရွှေတောင်၊ နတ်တလင်း၊ အုတ်ဖို၊ မိုးညို၊ သာယာဝတီနှင့် သုံးဆယ်မြို့နယ်များတွင် ဒေသခံပြောက်ကျားတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေလျှက်ရှိကြောင်း သိရသည်။