ငါန်းမြာကြီးရွာအတွင်း စစ်ကောင်စီတပ်၏ နှစ်ရက်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၄)ဦး သေဆုံး

ငါန်းမြာကြီးရွာအတွင်း စစ်ကောင်စီတပ်၏ နှစ်ရက်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၄)ဦး သေဆုံး

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်၏ နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် (၁၄)ဦး သေဆုံးသွားကြောင်း CDSOM မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံမှ သိရသည်။ 

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့နှင့် (၂၁) ရက်နေ့တို့တွင် ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲခြင်းဖြစ်ကြောင်း သိရသည်။



စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် အသက်(၇)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ(၉)ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် (၂)ဦး ပါဝင်သည်ဟု သိရသည်။ 

လေကြောင်းတိုက်ခိုက်ခံရသည့် နေ့များတွင် ဒေသခံ(၉)ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်(၁၁)ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရပြီး ယနေ့ စက်တင်ဘာလ(၂၂)ရက်နေ့တွင် အရပ်သား(၃)ဦး အလောင်းကို ထပ်မံတွေ့ရှိသည်ဟု သိရသည်။ 

ငါန်းမြာဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမည့် အခြေအနေရှိနေပြီး ဆီမီးခုံဆိပ်ကမ်းတွင် စက်တင်ဘာလ(၂၀)ရက်နေ့က အင်အား(၅၀)ကျော်တိုးထားကာ ဆုံရွာပျူစောထီး စခန်းကလည်း ပြင်ဆင်နေသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်များသည် ငါန်းမြာတစ်ဝိုက် ကျားတိုင်း၊ သိမ်ရွာနှင့် စဥ့်ကွတ်ရွာဘက်များဘက်သို့ စစ်ကြောင်းထိုးနိုင်သည်ဟုလည်း ဆိုသည်။