ရခိုင်ပြည်နယ်တွင် ၂၀၂၂ခုနှစ်၏ တစ်နှစ်တာအတွင်း မီးလောင်မှု စုစုပေါင်း (၇၃)ကြိမ်ဖြစ်ပွားခဲ့ရာ စုစုပေါင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ( ၁၃၆.၉၀၄) သန်းရှိပြီး ပြည်သူ(၁၈၃၃)ဦး မီးဘေးသင့်ခဲ့ရကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနက ၂၀၂၃ခုနှစ် ဇန်ဝါရီလ(၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
၂၀၂၂ခုနှစ် ဇန်ဝါရီလကနေ ဒီဇင်ဘာလအထိ ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ အမ်း၊ မန်အောင်၊ သံတွဲ၊ တောင်ကုတ် နှင့် ဂွမြို့နယ် စသည့် မြို့နယ်ပေါင်း (၁၆)မြို့နယ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အများဆုံးအဖြစ် ဘူးသီးတောင် နှင့် မောင်တောမြို့နယ်တို့တွင် (၁၂)ကြိမ်စီ မီးလောင်မှုဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တစ်နှစ်တာတွင် မီးလောင်မှုဖြစ်ပွားသည့် လမှာ ဖေဖော်ဝါရီလအတွင်းဖြစ်ပြီး စုစုပေါင်း (၁၉)ကြိမ် မီးလောင်ခဲ့သည်ဟု သိရသည်။
တစ်နှစ်တာအတွင်း မီးလောင်မှုဖြစ်စဉ်များကြောင့် နေအိမ် အဆောက်အဦ (၄၇၃)လုံး၊ ဂိုဒေါင် (၄)လုံး မီးလောင်ဆုံးရှုံးခဲ့ရသလို တစ်ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရခဲ့ရပြီး ပြည်သူ(၁၈၃၃)ဦး မီးဘေးသင့်ကာ တိရစ္ဆာန် အကောင်(၅၀၀)ဝန်းကျင် သေဆုံးခဲ့ရကြောင်း သိရသည်။
မီးလောင်မှု ဖြစ်စဉ်များမှာ မီးဖိုကနေ တဆင့် (၂၈)ကြိမ် လောင်ကျွမ်းခဲ့ရသလို ပေါ့ဆမီးကြောင့် (၁၈)ကြိမ်လောင်ကျွမ်းခဲ့ပြီး လျှပ်စစ်ဝါယာရှော့ဖြစ်ကာ (၁၇)ကြိမ်မီးလောင်ခဲ့ကြောင်းနှင့် မီးရှို့မှုကြောင့် (၁၀)ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ရသည်များအတွက် စုစုပေါင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုး ကျပ်( ၁၃၆.၉၀၄) သန်း ရှိကြောင်း သိရသည်။