စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ သစ်ဆိမ့်ရွာ နှင့် ရေဖြူရွာအနီးကို အာဏာသိမ်းစစ်တပ်က ဒေသခံ(၉၀)ဝန်းကျင်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ PDF များကို တောနင်းရှာဖွေနေကြောင်း ဝက်လက် ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ဇန်နဝါရီလ(၉)ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်က စတင်ပြီး ဝက်လက် PDF တပ်ရင်း(၂)နှင့် တိုက်ပွဲဖြစ်ပွားကာ ပြောက်ကျားစနစ်ကြောင့် အထိနာနေသည့်အာဏာသိမ်းစစ်တပ်ဘက်က ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် လုပ်ဆောင်နေခြင်းအပေါ် ဝက်လက် PDF က ရှုတ်ချထားပြီး မဆိုင်သူများကို လွတ်ပေးကာ လာတိုက်ဟု ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ၏ ပထမပတ်အတွင်း ကလည်း ဝက်လက်မြို့နယ်အတွင်း ကျေးရွာ(၂)ရွာအကြားရှိ PDF စခန်း တစ်ခုကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။