ပြည်ပရောက် မြန်မာများနိုင်ငံသားများထံက ဒေါ်လာ ရလိုသည့် စစ်ကောင်စီက လုပ်ငန်းလိုင်စင်ရဘဏ်များမှတဆင့် ငွေလွှဲလျှင် တစ်ဒေါ်လာလျှင် ကျပ်(၃၀) ပိုပေးမည်ဟု ဖြားယောင်း မြူဆွယ်

ပြည်ပရောက် မြန်မာများနိုင်ငံသားများထံက ဒေါ်လာ ရလိုသည့် စစ်ကောင်စီက လုပ်ငန်းလိုင်စင်ရဘဏ်များမှတဆင့် ငွေလွှဲလျှင် တစ်ဒေါ်လာလျှင် ကျပ်(၃၀) ပိုပေးမည်ဟု ဖြားယောင်း မြူဆွယ်
အောက်တိုဘာ 28, 2022 | 2021 Military Coup| အခြားဒေသများ

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * * *

ပြည်ပရောက် မြန်မာများနိုင်ငံသားများထံက ဒေါ်လာငွေကြေးများကို ရလိုသည့် အာဏာသိမ်း စစ်ကောင်စီက  ပြည်တွင်းရှိ ဘဏ်များမှတဆင့် တရားဝင်ငွေလွှဲပါက တစ်ဒေါ်လာလျှင် ( ၃၀)ကျပ် ပိုပေးမည်ဟု ဖြားယောင်းမြူဆွယ်သည့် ထုတ်ပြန်ချက်တစ်စောင်ကို စစ်ကောင်စီ၏ ဗဟိုဘဏ်က ယနေ့ အောက်တိုဘာလ(၂၈)ရက်နေ့တွင်  ထုတ်ပြန်လာသည်။

ထုတ်ပြန်ချက်တွင် "နိုင်ငံအတွက် နိုင်ငံခြားငွေများကို တဖက်တလမ်းမှ ရှာပေးလျှက်ရှိသည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအား နိုင်ငံတော်က ချီးမြှောက်သောအားဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော လုပ်ခ၊ လစာဝင်ငွေများကို ပြည်ပမှ ပြည်တွင်းသို့ နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှတဆင့် ငွေလွှဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ(ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ)အပေါ်တွင် (၃၀)ကျပ်အား နိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ပံ့ပိုးသွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ ပံ့ပိုးငွေများကို ငွေထုတ်ယူသည့်နေ့တွင် ချက်ခြင်းထည့်ပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ (၁)ရက်နေ့ကစပြီး  အကျိုးသက်ရောက်မည်ဟု ဖြားယောင်းမြူဆွယ် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အမေရိကန်တစ်ဒေါ်လာ(ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ)ဟု ဖော်ပြထားသော်လည်း စစ်ကောင်စီက သတ်မှတ်ထားသည့်ဈေးမှာ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပတွင် တစ်ဒေါ်လာလျှင် ၃၀၆၀ ကျပ်ရှိနေသဖြင့် မည်သည့်ဈေးနှုန်းဖြင့် ငွေလဲမည်ကို ဖော်ပြထားခြင်း မရှိပေ။

စစ်ကောင်စီနှင့် ၎င်းတို့နှင့်ပတ်သက်သူ စီးပွားရေးသမားများကို နိုင်ငံအများစု၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာရရှိရန် ခက်ခဲလာချိန်တွင် ပြည်ပရောက် ပြည်သူများထံမှ ဒေါ်လာရရှိရန် ကြိုးစားလာခြင်းလည်း ဖြစ်သည်။

အောက်တိုဘာလ (၂၁)ရက်နေ့ကလည်း ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF-Financial Action Task Force)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း သွင်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၌ ရှိသည့် မည်သည့်ဘဏ်ကိုမဆို တခြားနိုင်ငံဘဏ်များမှတဆင့် ငွေလွှဲ၊ ငွေပေးချေမှု ပြုလုပ်ခြင်းများ ခက်ခဲလာတော့မည်ဖြစ်သည်။