ပြည်သူ့စွမ်းအားတပ်ပေါင်းစုက  ပေါက်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးးနှင့် ကျောင်းကျန်းမာရေး အခမဲ့ စောင့်ရှောက်မှု ပေး

ပြည်သူ့စွမ်းအားတပ်ပေါင်းစုက  ပေါက်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးးနှင့် ကျောင်းကျန်းမာရေး အခမဲ့ စောင့်ရှောက်မှု ပေး
စက်တင်ဘာ 2, 2022 | အခြားဒေသများ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှ ကျေးရွာတစ်ရွာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းနှင့်ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ပြုလုပ်ခဲ့ကြောင်း တပ်ရင်း ၇၁၂၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC က ယနေ့ စက်တင်ဘာလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူ (၈၀) ကျော်အား ဆေးကုသပေးခြင်းနှင့်အတူ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးခြင်းများ ကျောင်းကျန်းမာရေးကိစ္စများကိုပါ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ကိုယ်ဝန်ဆောင် မိခင်များအား ပထမအကြိမ် မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်း၊ ကိုယ်ဝန်ဆောင်စဥ် လိုအပ်သော ပြုစုစောင့်ရှောက်မှုများအားကြိုတင်စစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင် အားဆေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကျန်းမာရေးတွင် အဖြစ်များသော သွားပိုးစားခြင်း၊ ယားနာ၊ နှာစေး၊ ချောင်းဆိုး၊ ရာသီတုပ်ကွေးများအား အထူးဦးစားပေးကုသခဲ့ကာ ကလေးများ ပုံမှန်ကြီးထွားမှုဆိုင်ရာ စစ်ဆေးမှုအနေဖြင့် အရပ်၊ ကိုယ်အလေးချိန်ကိုတိုင်းတာ၍ BMI လိုအပ်ချက်ရှိနေသူများ အဟာရပိုင်းဆိုင်ရာအထူးဦးစားပေးလမ်းညွှန်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ကျောင်းသူ၊ ကျောင်းသားများအား ကြက်ဥပြုတ်ကျွေး၍ အဟာရဒါနလည်း ပြုလုပ်ခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှု အားလုံးအတွက် ငွေကြေးတစ်စုံတစ်ရာကောက်ခံခြင်းမရှိဘဲ အလှူရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် ဒေသခံပြည်သူများအား အခမဲ့ကုသပေးခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တပ်ရင်း၇၁၂-ပြည်သူ့စွမ်းအားတပ်ပေါင်းစု- PPC