စကစ တပ်က ဘုရားကျောင်းနှင့်အိမ်များအနီး မြေမြှုပ်မိုင်းများချပြီး စစ်ရာဇဝတ်မှုကျူးလွန်

စကစ တပ်က ဘုရားကျောင်းနှင့်အိမ်များအနီး မြေမြှုပ်မိုင်းများချပြီး စစ်ရာဇဝတ်မှုကျူးလွန်
ဇူလိုင် 21, 2022 | အခြားဒေသများ
By Mr John

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်သူများနှင့် တိုက်ပွဲများဖြစ်ပွားနေသော ကျေးရွာများပတ်လည်၌ အလွန်များပြားသော မြေမြှုပ်မိုင်းများချထားခြင်းဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြကြောင်း လူ့အခွင့်အရေးအုပ်စု Amnesty International က ဇူလိုင်လ (၂၀) ရက်နေ့တွင် ပြောသည်။

 စိန့်မက်သယူးဘုရားကျောင်းဝင်းအတွင်း မြေမြှုပ်မိုင်းများချထားပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် မြန်မာစစ်သားများက မီးရှို့ဖျက်ဆီးခဲ့ပုံ

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ နေရာဒေသ အနှံ့အပြားတွင် တိုက်ပွဲများ ယနေ့အထိ  ဖြစ်ပွားနေခြင်း ဖြစ်သည်။ 

အာဏာသိမ်းစစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များလည်း ဖွဲ့စည်းလာကြကာ ယခုအခါ စစ်အုပ်စုကို တိုက်ခိုက်နေကြသည်။

Amnesty သုတေသီများက ထိုင်းနိုင်ငံနှင့် နယ်စပ်အနီး ကယားပြည်နယ်သို့ သွားရောက်ခဲ့စဥ်အတွင်း မြေမြှုပ်မိုင်းထိပြီး အသက်ရှင်သူများ၊ မိုင်းထိသူများကို ကုသပေးသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အခြား မိုင်းရှင်းလင်းရေးတွင် ပါဝင်လုပ်ကိုင်နေသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။ 

  amnesty

စစ်တပ်က လူသွားလမ်းများနှင့် လယ်ကွင်းများ အပါအဝင် အနည်းဆုံး ကျေးရွာ (၂၀) တွင် မိုင်းများအသုံးပြုခဲ့မှုကြောင့် အရပ်သား သေဆုံးမှုနှင့် ဒဏ်ရာရမှုများ ဖြစ်ခဲ့ကြောင်း ယုံကြည်စိတ်ချရသော သတင်းအချက်အလက်ရရှိခဲ့သည်ဟု Amnesty က ပြောသည်။

မြန်မာစစ်တပ်က ခရစ်ယာန်ဘုရားကျောင်းတဝိုက်နှင့် ၎င်း၏မြေပေါ်တွင် မြေမြှုပ်မိုင်းများချထားခဲ့သည့် ဖြစ်စဥ်များကို မှတ်တမ်းတင်ခဲ့ကြောင်းလည်း Amnesty က ဆိုသည်။ 

"စစ်သားတွေက လူတွေရဲ့အိမ်ခြံဝိုင်းထဲမှာ၊ အိမ်ဝင်ပေါက်မှာနဲ့ အိမ်သာအပြင်ဘက်တွေမှာ မြေမြှုပ်မိုင်းတွေချထားခဲ့ကြတယ်" ဟု Amnesty က ပြောသည်။ 

မှတ်တမ်းတင်ခဲ့မှုများအနက် အနည်းဆုံး ဖြစ်စဥ်တစ်ခုတွင် စစ်သားများက နေအိမ်လှေကားကို ဝါယာကြိုးများဖြင့် ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ထားခဲ့သည်ဟု ဆိုသည်။

စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်နေသည့် တပ်ဖွဲ့ဝင်များက နယ်မြေအချို့တွင် မိုင်းရှင်းလင်းရန် ကြိုးပမ်းနေခဲ့ကြသော်လည်း စနစ်တကျ သင်တန်းတက်ထားခြင်းမရှိသလို ပစ္စည်းကိရိယာမပြည့်စုံဘဲ လက်ဖြင့်သာ ရှင်းလင်းနေရသည်ဟု Amnesty က ပြောသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ယခုအချိန်အထိ လူ ထောင်နှင့်ချီ သေဆုံးခဲ့ကြောင်းနှင့် လူ ၁၅,၀၀၀ နီးပါးကို ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

Source: AFP