စလင်းမြို့နယ်ရှိ လင်းဇင်းတိုက်နယ် ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်

စလင်းမြို့နယ်ရှိ လင်းဇင်းတိုက်နယ် ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်

မကွေးတိုင်း စလင်းမြို့နယ်ရှိ လင်းဇင်းတိုက်နယ် ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း အမှတ် (၁) စစ်ဒေသ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းမှ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စလင်းမြို့နယ်ရှိ လင်းဇင်းတိုက်နယ် ရဲစခန်းကို မေလ (၁၈) ရက်နေ့ မနက် (၅)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားနိုင်ကြောင်း မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းမှ သတင်းထုတ်ပြန်သည်။

အဆိုပါစခန်းအား စီးနင်းတိုက်ခိုက်နေချိန်တွင် တက်တူတမံလမ်းဘက်မှ တက်လာသည့် စစ်ကောင်စီ၏ စစ်ကူယဉ်တန်းအား ပူးပေါင်းတပ်ဖွဲ့၏ ဖြတ်တောက်ရေးအဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကားမိုင်းထိခဲ့ပြီး ထိခိုက်ကျဆုံးသူများရှိကြောင်း မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းမှ ဆိုသည်။

ပူးပေါင်းတပ်များမှ လင်းဇင်းတိုက်နယ်ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းရန်ကြိုးစားခဲ့သော်လည်း စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းနှင့် တပ်ကူများ ရောက်ရှိလာသည့်အတွက် မနက်(၆)နာရီခွဲအချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၊ အမှတ် (၁) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ စလင်းမြို့နယ် ပကဖ၊ GZ ARMY၊ MLDC ၊ SLN (PDF)၊ ဒေါင်းစစ်အောင် Local PDFနှင့် မိုးကြိုးပြောက်ကျား စသည့် မဟာမိတ်တပ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency