အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ လက်အောက်ခံ စစ်တပ် နှင့် ရဲတပ်ဖွဲ့ကို အဓိက ရည်ညွှန်းပြီး လောင်းကစားလုပ်ငန်းနှင့် မူးယစ်ဆေးဝါး အပါအဝင် အခြား ဒုစရိုက်လုပ်ငန်းများတွင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပါဝင်ပတ်သက်မှု ရှိပါက အားလုံးကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ပြည်နယ်ဝန်ကြီးချုပ်များကနေ တဆင့် အသိပေးပြောကြားလိုက်သည်။
"မူးယစ်ဆေးဝါး ကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများ အပြင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် အလေးထားလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း" ပြောကြားခြင်း ဖြစ်သည်။
နေပြည်တော်တွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်ပိုင်းက အစည်းအဝေးပြုလုပ်စဉ် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ယင်းအပြင် တိုင်းနှင့်ပြည်နယ်အလိုက် ဒေသအသီးသီးများတွင် တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်း(ကျားဖြန့်)များကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေ လိုအပ်ကြောင်းလည်း ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးတွင် နယ်မြေခံတပ်နှင့် ခရိုင်မြို့/မြို့နယ်ရဲတပ်ဖွဲ့က အွန်လိုင်းလောင်းကစား နှင့် ကျားဖြန့်လုပ်ငန်းများ အပါအဝင် မူးယစ်ဆေးဝါးနှင့် အခြားဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေမှုများကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်က ယခုလို ပြောကြားနေခြင်းဖြစ်သည်။
နယ်စပ်ဒေသများတွင် နယ်မြေခံတပ်နှင့် ခရိုင်မြို့နယ်အုပ်ချုပ်ရေးအပါအဝင် ရဲတပ်ဖွဲ့တို့က ဒုစရိုက်လုပ်ငန်းများကို ငွေကြေးရယူပြီး အကာအကွယ်ပေးထားမှုများကြောင့် ဒေသများတွင် တရားမဝင်လုပ်ငန်းများ ကြီးထွားလာသလို ခိုးဆိုးလုနိုက်မှုများလည်း တဆက်တည်း ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။