စစ်လေယာဥ် လေပိုင်နက်ကျူးကျော်ခဲ့မှုအတွက် မြန်မာအာဏာသိမ်းစစ်တပ်က တောင်းပန်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

Photo: Coconuts Bangkok
Photo: Coconuts Bangkok
စစ်လေယာဥ် လေပိုင်နက်ကျူးကျော်ခဲ့မှုအတွက် မြန်မာအာဏာသိမ်းစစ်တပ်က တောင်းပန်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော
ဇူလိုင် 2, 2022 | အခြားဒေသများ
By Mr John

ထိုင်းနိုင်ငံ၏ လေပိုင်နက်အတွင်း ၎င်း၏ စစ်လေယာဥ် ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် မြန်မာအာဏာသိမ်းစစ်တပ်က တောင်းပန်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောခဲ့ပြီး လေပိုင်နက်ကျူးကျော်မှုမှာ ကြီးကြီးမားမားကိစ္စ မဟုတ်ကြောင်း အခိုင်အမာဆိုသည်။ 

လေပိုင်နက်ကျူးကျော်မှုမှာ မရည်ရွယ်သည့် မတော်တဆဖြစ်ရပ်ဖြစ်ကြောင်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်ကို အကြောင်းကြားခဲ့သည်ဟု သိရသည်။

မြန်မာစစ်လေယာဥ်တစ်စီးက ဇွန်လ (၃၀) ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ လေပိုင်နက်အတွင်းသို့ Tak ပြည်နယ် Phop Phra ခရိုင်ပေါ်တွင် ကျူးကျော်ဝင်ရောက်လာခဲ့ကြောင်းနှင့် အနည်းငယ်မျှသော အကွာအ‌ဝေးအရောက်တွင် ပြန်လှည့်သွားခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာယွတ်က ဇူလိုင်လ (၁) ရက်နေ့တွင် ပြောသည်။ 

"ဒီကျူးကျော်မှုကို ကိစ္စကြီးတစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။ ဒါပေမဲ့ ကိစ္စပိုကြီးစေချင်သလား သို့မဟုတ် မကြီးစေချင်ဘူးလားဆိုတာ ကျွန်တော်တို့အပေါ် မူတည်ပါတယ်။ အခု နှစ်နိုင်ငံက ဆက်ဆံရေးကောင်းမွန်ပါတယ်။ တစ်ခုခုဖြစ်တဲ့အခါ ဆွေးနွေးကြမှာပါ" ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

"ပိုအရေးကြီးတာက ထိုင်းနိုင်ငံမှာ နယ်မြေအချုပ်အခြာအာဏာကို ကာကွယ်ဖို့ စွမ်းရည်ရှိပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ ဘယ်လောက် ခိုင်မာအားကောင်းပြီး ခေတ်မီတယ်ဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ။ ဒီကျူးကျော်မှုက ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး" ဟု ပရာယွတ်က ပြောသည်။ 

မြန်မာစစ်တပ်၏ MiG-29 တိုက်လေယာဥ်တစ်စီးက ထိုင်းလေပိုင်နက်အတွင်း (၂) မိုင်ကျော်-(၃) မိုင်ခန့် ကျူးကျော်ဝင်ရောက်ခဲ့ပြီး Ban Wao Lay Tai နှင့် Ban Wao Lay Nua ကျေးရွာနှစ်ရွာကြားပေါ်တွင်ဖြစ်ကြောင်း သိရသည်။ 

မြန်မာစစ်လေယာဥ်တစ်စီး ထိုင်းနိုင်ငံ၏ လေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ ထိုင်းလေတပ်က နယ်စပ်အနီးသို့ F-16 တိုက်လေယာဥ် (၂) စီး အရေးတကြီး စေလွှတ်ခဲ့ပြီး အာဏာသိမ်း မြန်မာစစ်အုပ်စုအား သတိပေးစာထုတ်ခဲ့သည်။

သတိပေးစာတွင် မြန်မာစစ်တပ်၏ စစ်လေယာဉ်အနေဖြင့် မည်သည့်အကြောင်းကြောင်းကြောင့်မဆို ထိုင်းနိုင်ငံအတွင်းသို့ လေပိုင်နက်ဖြတ်ကျော်ခွင့်မရှိကြောင်းနှင့် နောက်နောင်တွင် ယခုလို အဖြစ်အပျက်မျိုး ထပ်မံ မဖြစ်ပွားရန်အတွက် သတိထားရန်နှင့် တော်ဝင်လေတပ်အနေဖြင့် ယခုလို ဖြစ်စဉ်မျိုး ထပ်မဖြစ်အောင်လည်း အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်သလို ပြည်သူများအတွက် အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်အရပ်ရှိ အာဏာသိမ်းစစ်အုပ်စု၏ ဥကရိထစခန်းတိုက်ပွဲမှာ (၄) ရက်မြောက်နေ့အဖြစ် ဇွန်လ (၃၀) ရက်နေ့ကလည်း ဆက်လက် ပြင်းထန်နေခဲ့စဥ် စစ်အုပ်စု၏ တိုက်လေယာဥ်တစ်စီးက ထိုင်းနိုင်ငံ လေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်လာသဖြင့် ထိုင်းဒေသခံများ ကြောက်လန့်တကြားဖြစ်ခဲ့ကြရပြီး စာသင်ကျောင်း (၂) ကျောင်းကို ပိတ်ခဲ့ရသည်။

Source: Bangkok Post