မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ကို စစ်အုပ်စုက ည(၇)နာရီဝန်းကျင်တွင် ဧည့်စာရင်းစစ်သည်ဟုဆိုကာ အသက်မပြည့်သေးသူ (၁)ဦး အပါအဝင် လူ(၁၀)ဦးဝန်းကျင်ကိုဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
၂၀၂၂ခုနှစ် မေလ(၇)ရက်နေ့ ည(၇)နာရီဝန်းကျင်က ရပ်ကွက်လမ်းများအား ပိတ်လိုက်ပြီး အဝင်သာခွင့်ပြုကာ အထွက်ပိတ်လိုက်ပြီး ည(၈)နာရီခန့်တွင် တစ်အိမ် ဝင်တစ်အိမ်ထွက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်ရောက် စစ်ဆေးချိန်တွင် အသက်(၂၃)နှစ်အရွယ် မမြတ်သန္တာကျော်နှင့် ကဖေးပန်းခင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် အသက်(၅၃)နှစ်အရွယ် ဦးကျော်ကျော်ထွန်း၊ မုန့်ဆရာ အသက်(၂၅)နှစ်အရွယ် ကိုလှိုင်မင်းထွေး နှင့် ဆိုင်ဝန်ထမ်း အသက်(၁၉)နှစ်အရွယ် မခင်စုမွန် အပြင် အသက်(၁၅)နှစ်အရွယ် စားပွဲထိုး မောင်ရန်နောင် တို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။
ထို့နောက် ရပ်ကွက်အတွင်းနေ အသက် (၄၇)နှစ် အရွယ် ဦးဟံတင်၊ အသက် (၄၃)နှစ်အရွယ် ဒေါ်ခိုင်ဇာထွေး၊ အသက် (၂၈)နှစ်အရွယ် လမင်းကိုကိုနဲ့ လမင်းမောင်မောင်တို့ မိသားစုကိုလည်း ဖမ်းဆီးသွားခဲ့ပြီးတော့ အမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ဒေါနပွားရပ်ကွက်တွင် မေလ(၇)ရက်နေ့တွင် ရှော့တိုက်ဒုံးနှစ်လုံးတွေ့ရှိသည်ဟု ဆိုကာ ကျုံးဘေးပတ်လည်ကိုလည်း စစ်အုပ်စုက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့သေးသည်။