ဝက်လက်မြို့နယ် သစ်ဆိမ့်ရွာရဲစခန်းအပါအဝင် ကျေးရွာအချို့ကို အာဏာသိမ်းတပ်က မီးရှို့

ဝက်လက်မြို့နယ် သစ်ဆိမ့်ရွာရဲစခန်းအပါအဝင် ကျေးရွာအချို့ကို အာဏာသိမ်းတပ်က မီးရှို့
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာရဲစခန်းအပါအဝင် မြို့နယ်အရှေ့ပိုင်းမှ ကျေးရွာများကို စစ်ကောင်စီတပ်များက ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ (၂၄)ရက်နေ့တွင် ဝင်ရောက်မွှေနှောက်နေပြီး မီးရှို့ဖျက်ဆီးကြောင်း သိရသည်။

ယနေ့ညနေ (၅) နာရီခန့်က ဝက်လက်မြိုနယ် သစ်ဆိမ့်ကျေးရွာမှ နယ်မြေရဲစခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေ (၆) နာရီခန့်တွင် သစ်ဆိမ့်ကျေးရွာအနီး ရွာသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးကြောင်းဒေသခံများထံမှ သိရသည်။



သစ်ဆိမ့်ရွာက ရဲစခန်းကို PDF က တပ်စွဲခဲ့လို့ ရှို့တာထင်တယ်။ အဝေးကပဲ မြင်ရတာ။ အခုရွာသစ်ကို ထပ်ရှို့နေတာ။ဘယ်လောက်ပါလဲ ဆုံးရှုံးလည်း မသိရဘူး။ အကုန်ပြေးနေရတာ မနက်ထဲက

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့နံနက် (၉) နာရီခွဲခန့်က ဝက်လက်မြို့နယ်အရှေ့ပိုင်း မြစ်ကမ်းအနီးကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီတပ်က ရေကြောင်းဖြင့်ဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း သိရသည်။

ထို့အပြင် ဝက်လက်မြို့နယ်အရှေ့ပိုင်းကို အင်အား (၃၀၀) ကျော်ဖြင့်ထိုးစစ်ဆင်ရန် စစ်ကောင်စီကကြိုးပမ်းနေပြီး ယမန်နေ့ ဧပြီလ (၂၃) ရက်နှင့် ယနေ့ဧပြီလ(၂၄) ရက်နေ့များတွင်လည်း ရဟတ်ယာဥ်များ ဝဲနေခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။