သံဃာတော်များအား ဖမ်းဆီး၊ ရိုက်နှက်၊ ထောင်ချနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ဘာသာ သာသနာကို မစော်ကားဟုဆို

(ဓာတ်ပုံ- EPA)
(ဓာတ်ပုံ- EPA)
သံဃာတော်များအား ဖမ်းဆီး၊ ရိုက်နှက်၊ ထောင်ချနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ဘာသာ သာသနာကို မစော်ကားဟုဆို
ဖေဖော်ဝါရီ 23, 2022 | အခြားဒေသများ

သံဃာတော်များအား ဖမ်းဆီး၊ ရိုက်နှက်၊ ထောင်ချနေသည့်အပြင် မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ဘာသာ၊ သာသနာကို မစော်ကားဟု ရေးသားကာ ချန်ထားခဲ့သည့် စာတစ်စောင်ကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ဖေဖော်ဝါရီလ(၂၃)ရက်တွင် ထုတ်ပြန်လာသည်။

ဘုန်းကြီးကျောင်းများ၊ ဘုရားကုန်းများတွင် တပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားက ကိုယ့်ကိုကိုယ် စစ်ခွေး၊ မအလ ကျွန်မှန်းသိကြောင်း ရေးသားထားသည်။

ရေးသားထားသည့်စာတွင်"ငါတိုဟာ မင်းတို့ပြောတဲ့ စစ်ခွေးတွေ၊ မအလကျွန်တွေ ဆိုတာ မှန်တယ်။ မိမဆုံးမ၊ ဖမဆုံးမဆိုတာလည်း ဟုတ်ချင်ဟုတ်မယ်၊ ဒါပေမဲ့ ငါတိုဟာ အမျိုးမဖျက်ဘူး။ ဘာသာကို မစော်ကားဘူး။ သာသနာကိုမထိပါးဘူး။ ကိုယ့်နိုင်ငံ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်း၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကို ကာကွယ်စောင့်ရှောက်နေတာ၊ မဖျက်ဘူး၊ မစာ်ကားဘူး။ ငါတို့ရဲ့ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာနဲ့ ရဟန်းရှင် ပြည်သူအပေါင်းကို နှောင့်ယှက်ဖျက်စီးသူအပေါင်းဟာ ဘယ်သူဘဲဖြစ်ဖြစ် ငါတို့ရန်သူပဲ။"စသည်ဖြင့် ရေးသားထားသည်။

ယင်းသို့ ရေးသားထားသည့် အကြမ်းဖက်စစ်ကောင်စီက မင်းတပ်မြို့ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အပြင် စားနပ်ရိက္ခာများ၊ စားသောက်ဖျက်ဆီး၊ ကြက်၊ဆိတ်များ၊ သတ်စား၊ ဆေးရုံရှိပစ္စည်းပေါင်းစုံကို မီးရှို့၊ ကျေးရွာထဲ တာဝေးလက်နက်ကြီးများ ရမ်းကားပစ်ခတ်ခြင်းနှင့်အတူ ‌မြေမြုပ်မိုင်းများထောင်သည့် လုပ်ရပ်များကို လုပ်ဆောင်နေလျက်ရှိကြသည်။