အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ချီးမြှင့်သည့် The Edward Barsky Award ဆုကို NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး လက်ခံရယူ

အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ချီးမြှင့်သည့် The Edward Barsky Award ဆုကို NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး လက်ခံရယူ

အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၄ ခုနှစ် ညီလာခံက မြန်မာ့နွေဦးတော်လှန်ရေး ကျန်းမာရေး သူရဲကောင်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနအား ချီးမြှင့်သည့် The Edward Barsky Award ဆုကို NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက လက်ခံရယူကြောင်း ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့၌ အောက်တိုဘာလ (၂၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့၏ 2024 Health Activist Dinner တွင် မြန်မာ့နွေဦးတော်လှန်ရေး ကျန်းမာရေးသူရဲကောင်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန ကို The Edward Barsky Award ဆု ပေးအပ်ချီးမြှင့်ရာ မြန်မာ့နွေဦးတော်လှန်ရေး ကျန်းမာရေးသူရဲကောင်းများကိုယ်စား NUG ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက လက်ခံရယူ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ဆုချီးမြှင့်ပွဲတွင် မြန်မာ့နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပုံနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ယခုဆုသည် နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီ၏ လက်ချက်ဖြင့် ထိခိုက်ကျဆုံးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဖမ်းဆီးနှိပ်စက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများ၊ ရှေ့တန်းစစ်မြေပြင်နှင့် ဒေသအသီးသီးတွင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ရည်ညွှန်းဂုဏ်ပြုသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ကျန်းမာရေး အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေများကို ကမ္ဘာကြီးအနေဖြင့် နှုတ်ဆိတ် မနေသင့်ဘဲ ၊ မြန်မာပြည်သူများ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံဆေးခန်းများအား ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းကို ကာကွယ်အဆုံးသတ်ပေးရန် မိမိတို့၏ အသံများကို မြှင့်တင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်တပ်က ဥပဒေမဲ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ အခြားကျန်းမာရေး လုပ်သားများနှင့် ပြည်သူ့အခြေပြု ကျန်းမာရေးအဖွဲ့အစည်းများသည် စစ်ကောင်စီ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများ ရှိနေသည့်တိုင် NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် လက်တွဲ၍ ပြည်သူဦးဆောင်သည့် ကျန်းမာရေးစနစ်များ တည်ထောင်ပြီး ပဋိပက္ခဖြစ်ပွားရာဒေသများမှ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ရဲဝံ့စွာ ပေးအပ်လျက်ရှိသည့်အတွက် ယခုဆုကို ပေးအပ်ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

The Edward Barsky Award ဆုသည် ကျန်းမာရေး၊ လူမှုတရားမျှတမှုနှင့် လူ့အခွင့်အရေးတို့တွင် ထူးခြားထက်မြက်စွာ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုသော ထင်ရှားသည့် ဆုတစ်ခု ဖြစ်ပြီး ဆုရရှိသူများသည် အမေရိကန်ဆရာဝန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာ Edward Barsky ၏ အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသူများဖြစ်ပြီး အခက်အခဲများကြားမှပင် ဆေးဝါးကုသမှုများကို လိုအပ်နေသော လူ့အဖွဲ့အစည်းများထံ ရောက်ရှိစေရန် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

Health Activist Dinner သည် အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပညာရှင်ခေါင်းဆောင်များ စုပေါင်းကျင်းပသော နှစ်ပတ်လည်ပွဲတစ်ခု ဖြစ်ပြီး ၊ ယခု Health Activist Dinner တွင် The Edward Barsky Award အပါအဝင် The Paul Cornely Award ၊ The Paul Wellstone Award နှင့် The Paul Ambrose Outstanding Student Activist Award စသည့် ဆုအမျိုးအစား (၄) ဆုကို ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: National Unity Government of Myanmar