ရိက္ခာထုတ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်သားများကို KNLA က ကြားဖြတ်တိုက်ခိုက်ရာ (၃၀)နီးပါး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ

Photo: KNU-Mutraw News
Photo: KNU-Mutraw News
 ရိက္ခာထုတ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်သားများကို KNLA က ကြားဖြတ်တိုက်ခိုက်ရာ (၃၀)နီးပါး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေ(မဲဝိုင်)အုပ်စု၊ မယ်ပေါ်ထာတွင် ရိက္ခာထုတ်ပြီး ပြန်လာသည့်  အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၉၇)ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က (၃)ဦး သေဆုံးပြီး (၃၀)နီးပါးကို အရှင်ဖမ်းမိသလို လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိကြောင်း KNU မူတြော်ခရိုင်သတင်းစဉ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ခုနှစ် မတ်လ(၁၁)ရက်နေ့ နံနက်(၁၁)နာရီမှ ညနေ(၅)နာရီဝန်းကျင်အထိ အချိန်အတော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် KNLA က စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင်များကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခြင်း ဖြစ်သည်။ 

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ  RPG 7 (၂)လက်၊ နာတိုးစက်လပ် (၁)လက်၊ K 3 မောထာ(၄)လက်၊ စနိုက်ပါ (၂) လက်၊ MA 2 (၆)လက်၊ MA 1 (၈)လက်၊ MA 3 (၆)လက်၊ RPG 7 ကျည်(၆)လုံး၊ 60MM ကျည် (၅)လုံး၊ 79 MM ကျည်(၅)လုံး၊ လက်ပစ်ဗုံး(၁)လုံး၊ စစ်ဦးထုပ် (၂၄)လုံး၊ ဖုန်း (၁၅)လုံး၊ ကျည်ဘော့(၈၅)ဘော့၊ စနိုက်ပါ ကျည်ဘော့(၆)ဘော့၊  ကျည်ဘော့အဝိုင်း(၁)ဘော့၊ ခွေးဗုံး(၅)လုံး၊ နာတိုးစက်လက်  ကျည်(၅၆၇)တောင့်၊ K3  ကျည် (၂၀၉၉)တောင့်၊ ဆွဲမိုင်း (၁)လုံး အပြင် ပိုက်ဆံသိန်း(၃၀)ကျော်သိမ်းဆည်းရရှိကြောင်း သိရသည်။

သေဆုံးသူများမှာ တပ်ကြပ်ကြီးတစ်ဦး နှင့် တပ်သား(၂)ဦး ဖြစ်ပြီး အရှင်ဖမ်းမိပြီး ဒဏ်ရာရရှိသည့် (၁၀)ဦးကျော်တွင်  တပ်ခွဲမှူး (၂)ဦး နှင့် ဗိုလ်တစ်ဦး ပါဝင်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း KNLA ဘက်က (၄)ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ (၄)ဦး ထိမှန် သေဆုံးမှုရှိခဲ့ကြောင်းလည်း သိရသည်။