သေဒဏ်ပေးထားခြင်းများ ဖျက်သိမ်းပေးပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် ဆွီဒင်တောင်းဆို

သေဒဏ်ပေးထားခြင်းများ ဖျက်သိမ်းပေးပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် ဆွီဒင်တောင်းဆို
ဇန်နဝါရီ 25, 2022 | အခြားဒေသများ

အာဏာသိမ်းအဖွဲ့အနေဖြင့် သေဒဏ်ချမှတ်နေခြင်းများအား ဖျက်သိမ်းပေးပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

အာဏာသိမ်းအဖွဲ့က (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်တို့အပါအဝင် စုစုပေါင်း (၄၅) ဦးအပေါ် သေဒဏ်ချမှတ်ထားသည်ကိုတွေ့ရသဖြင့် အသက်ရှင်သန်ခွင့်အား လေးစားလိုက်နာခြင်းသည် လူ့အခွင့်အရေး၏ အဓိကအချက်ဖြစ်သည်ဟု ထပ်လောင်းသတိပေးလိုကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဆွီဒင်နိုင်ငံနှင့် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာလုံးအတိုင်းအတာ သေဒဏ်ဖျက်သိမ်းရေးအား ကြိုးပမ်းလုပ်ဆောင်နေသည်နှင့် အညီ မည်သည့်အကြောင်းအရာ ပုံစံမျိုးနှင့်မဆို သေဒဏ်ချမှတ်ခြင်းအား ရှုတ်ချကန့်ကွက်သည်ဟု ထုတ်ပြန်ထားသည်။

သေဒဏ်ချမှတ်ခြင်းသည် ရက်စက်၊ လူမဆန်၊ လူ့ဂုဏ်သိက္ခာညှိးနွမ်းစေပြီး ပြန်လည်ပြင်ဆင်ခွင့် မရသည့် ပြစ်ဒဏ်ဖြစ်သည့်အပြင် လူသားများ၏ မွေးရာပါ အခွင့်အရေးဖြစ်သည့် အသက်ရှင်ခွင့်အား ချိုးဖောက်နေသည့် ပြစ်ဒဏ်လည်း ဖြစ်သည်ဟု သတိပေးထုတ်ပြန်ထားသည်။