ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေများနှင့် ပက်သက်ပြီး တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်း ၁၉၅ ဖွဲ့မှ သဘောထား ပူးတွဲထုတ်ပြန်

ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေများနှင့် ပက်သက်ပြီး တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်း ၁၉၅ ဖွဲ့မှ သဘောထား ပူးတွဲထုတ်ပြန်

ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေများနှင့် ပက်သက်ပြီး တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း (၁၉၅) ဖွဲ့မှ ၂၀၂၄ ခုနှစ် မေလ (၂၂)ရက်နေ့တွင် သဘောထား ပူးတွဲထုတ်ပြန်သည်။

စစ်အုပ်စုအနေဖြင့် ရိုဟင်ဂျာလူမျိုးစုအား ဖိနှိပ်ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကို အစဉ်တစိုက် ကျူးလွန်ခဲ့ပြီး လက်ရှိတွင်လည်း မတရားစစ်မှုမထမ်းမနေရ အမိန့်ဖြင့် အတင်းအဓမ္မ ဖိအားပေး၍ စစ်သားများအဖြစ်၊ လူသားဒိုင်းများအဖြစ်၊ စစ်အုပ်စုကိုယ်စား အကြမ်းဖက်မှု ကျူးလွန်သူ များအဖြစ် အသုံးပြုနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သိသာထင်ရှားသည့် သက်သေအနေဖြင့် ယခုနှစ် မတ်လအတွင်း ရခိုင်ဒေသ၊ ရသေ့တောင်မြို့နယ်၊ အငူမော်တွင် အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲတွင် စစ်အုပ်စုက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရိုဟင်ဂျာ (၁၀၀) နီးပါး အစုအလိုက် အပြုံလိုက် သေဆုံးခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း (၁၉၅) ဖွဲ့မှ ဆိုသည်။

ထို့အပြင် စစ်အုပ်စု အနေဖြင့် လက်ရှိတွင်လည်း ဘူးသီးတောင်နှင့် စစ်တွေရှိ IDP-အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ၏ စခန်းများမှ ရိုဟင်ဂျာများကို အတင်းအကြပ် ဖိအားပေးကာ အာရက္ခတပ်တော် (AA)ကို ဆန္ဒပြခိုင်းခြင်းများကို ပြုလုပ်နေပြီး ရိုဟင်ဂျာများအပေါ် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန်နှင့် လူမျိုးရေးပဋိပက္ခများ ထပ်မံဖြစ်ပွားစေရန် လှုံ့ဆော်နေကြောင်း သိရသည်။ 

ယခုနှစ် ဧပြီလတွင် ရခိုင်ဒေသ ဘူးသီးတောင်မြို့ပေါ်ရှိ ရခိုင်လူမျိုးစုများ၏ နေအိမ် ၂၀၀ ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးရာတွင်  စစ်မှုမထမ်းမနေရ အမိန့်ဖြင့် အတင်းအဓမ္မ ဖိအားပေး၍ စုဆောင်းထားသော ရိုဟင်ဂျာများကို အသုံးပြုပြီး ရခိုင်နှင့် ရိုဟင်ဂျာ လူမျိုးစုကြား လူမျိုးရေး ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် စတင်ဖန်တီးခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ လူမျိုးရေး ပဋိပက္ခဖြစ်အောင် စစ်အုပ်စုက လုပ်ဆောင်နေခြင်းအပြင် ရွေးချယ်ခွင့်မရသော ရိုဟင်ဂျာလူထု၏ အခြေအနေနှင့် နှစ်များစွာ ဖိနှိပ် ပိတ်လှောင်ခံရမှုကြောင့် စစ်အုပ်စု ပုံဖော်ချင်သည့်ပုံစံများအကြား ကြုံတွေ့နေရသည့် အခြားလူမျိုးစုများနှင့် မတူသည့် အကျပ်အတည်းများကို တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထု အနေဖြင့် အထူးသတိထားပြီး နားလည်သိရှိထားရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများမှ ဆိုသည်။

ယခုအခြေအနေတွင် အဖွဲ့အစည်းများ၊ မီဒီယာများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ရိုဟင်ဂျာအားလုံးကို စစ်အုပ်စုနှင့် ပူးပေါင်းနေသည့် ပုံစံမျိုး ပုံဖော်မှုများ ရှိနေသည့်အပြင် “ဘင်္ဂါလီ အကြမ်းဖက်များ”၊ “မွတ်စ်လင်မ် အကြမ်းဖက်သမား”စသော အမုန်းစကားပါသည့် ဝေါဟာရများကို တွင်တွင်သုံးနေကြသည်ကိုလည်း တွေ့ရှိနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအခြေအနေသည် လူမျိုးတစုလုံးနှင့် ၎င်းတို့ ကိုးကွယ်ယုံကြည်သည့် ဘာသာတရား တခုလုံးကို သိမ်းကျုံးစွပ်စွဲမှုများသည် လူမျိုးရေး ဘာသာရေး ပဋိပက္ခများ၊ လူထုကြား အမုန်းတရား ကြီးမားလာစေရန် တွန်းပို့နေခြင်းများဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများမှဆိုသည်။ 

တခြားသော လူမျိုးစုများနည်းတူ ရိုဟင်ဂျာ လူမျိုးစု အတွင်းတွင်လည်း မြန်မာစစ်အုပ်စုနှင့် ကိုယ်ကျိုးစီးပွားအတွက် ပူးပေါင်းသောသူများ ရှိနေသော်လည်း တချိန်တည်းတွင် စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် ရိုဟင်ဂျာများ မြောက်များစွာ ရှိနေသည့်အချက်ကို အထူးသတိပြုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် စစ်အုပ်စုနှင့် ပူးပေါင်းနေသည့် ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုများဖြစ်သော Arakan Rohingya Salvation Army (ARSA), Arakan Rohingya Army(ARA)နှင့် Rohingya Solidarity Organization(RSO) တို့သည် ရိုဟင်ဂျာ လူမျိုးစု ပြည်သူ တဦးချင်းစီကို လုံးဝ ကိုယ်စားမပြုကြောင်း ပြည်သူအားလုံး အနေဖြင့်နားလည်သိရှိပြီး အသေအချာ ခွဲခြားမြင်ရန် အထူးလိုအပ်သည်ဟု ဆိုသည်။ 

စစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အဓမ္မ အနိုင်ကျင့်သည့် ရိုဟင်ဂျာ လက်နက်ကိုင် အပါအဝင် မည့်သည့် လူမျိုးစု လက်နက်ကိုင် အုပ်စုကိုမဆို တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်း ၁၉၅ ဖွဲ့မှ ရှုတ်ချကြောင်း သိရသည်။

စစ်အုပ်စုနှင့်ပူးပေါင်းနေသည့် ARSA အလားတူ အခြားလူမျိုးစု လက်နက်ကိုင်များရှိနေပြီး ၎င်းတို့အနေဖြင့် သက်ဆိုင်ရာ လူမျိုးစုများကို ကိုယ်စားပြုသယောင် ပြောဆိုနေသော်လည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့ ကတည်းက ရိုဟင်ဂျာလူမျိုးစု အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများအနေဖြင့် ARSA သည် ရိုဟင်ဂျာလူမျိုးစုကို မည်သို့မျှ ကိုယ်စားမပြုကြောင်း အတိအလင်း သဘောထား ထုတ်ပြန်ထားကြောင်းသိရသည်။

လူမှုသဟဇာတ ဖြစ်ရေး အပါအဝင် ဒေသလူထုအတွက် တာဝန်ယူ၊ တာဝန်ခံသည့် အခြေအနေမျိုးကို ရက္ခိုင့်တပ်တော် (AA) အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရန်နှင့် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားသည့်ဥပဒေ(IHL) တို့ကို လိုက်နာပြီး ပြည်သူများ နေထိုင်ရာ နေရာများတွင် တိုက်ပွဲ မဖော်ဆောင်ရန်နှင့် ရိုဟင်ဂျာ ရွာများမှ ရွာသူ၊ ရွာသားများကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခြင်းများ မပြုလုပ်ရန် အရပ်ဘက်အဖွဲ့အစည်းများမှ ဆိုသည်။

အရပ်သားများကို အကာအကွယ်ပေးရမည့် တာဝန်သည် စစ်ပွဲအတွင်း အထူး လိုက်နာရမည့် (နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ) ကျင့်ဝတ်၊ တာဝန်ဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ဒေသတွင်း မှီတင်း နေထိုင်သည့် ရခိုင်လူမျိုးစု၊ ရိုဟင်ဂျာလူမျိုးစု အပြင် အခြားသော လူမျိုးစုနှင့်  ဘာသာဝင်များကိုလည်း စစ်ပွဲအတွင်း ပစ်မှတ် မထားရန်နှင့် လွတ်လပ်သော နိုင်ငံတကာ သတင်းမီဒီယာများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ခွင့်ပေးရန် အာရက္ခတပ်တော် (AA)အား အထူးတိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အခြားတဖက်တွင် ရက္ခိုင့်တပ်တော် (AA)က ရိုဟင်ဂျာ လူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ပါဟု ထုတ်ပြန်ထားသော်လည်း လက်ရှိ မြေပြင်တွင် တပ်တော် လက်အောက်ခံ စစ်သားများက  ကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသော ကိစ္စရပ်များရှိနေကြောင်း ဆိုသည်။

ဧပြီလ နှင့် မေလတွင် ဘူးသီးတောင်မြို့ရှိ သံကျောက်ခဲရွာ၊ ရွက်ညိုတောင်ရွာ နှင့် မြောက်ပိုင်း မောင်တော မြို့ရှိ သရက်အုတ်ရွာ စသည့်နေရာများတွင် ရွာအလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရခြင်းများ၊  ဖမ်းဆီးခေါ်ဆောင် ခံရပြီး လူမသိ၊ သူမသိ သတ်ဖြတ်ခံခဲ့ရသော ရိုဟင်ဂျာများနှင့် မတရား ဖမ်းဆီးခေါ်ဆောင်နေမှုများ ရှိနေသည်ဟု ထုတ်ပြန်ထားသော သတင်းများအရ သိရှိရကြောင်း အရပ်ဘက်အဖွဲ့အစည်းများမှ ဆိုသည်။ 

သတင်းမီဒီယာများနှင့် မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များအရ ဘူးသီးတောင်မြို့၏ နေရာအများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီးနောက် မေလ ၁၇ရက် ညအချိန် ၁၀နာရီခန့်တွင် ရိုဟင်ဂျာ အရပ်သား အများစု နေထိုင်သည့် ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်များအား AAမှ မီးရှို့ဖျက်ဆီးခဲ့ပြီး ဤဖြစ်စဉ်သည် စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း  အရပ်ဘက် အဖွဲ့အစည်း ၁၉၅ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကိစ္စရပ်များအား အာရက္ခတပ်တော် (AA)အနေဖြင့် လွပ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်နှင့် ကျူးလွန်မှုများ အမှန်တကယ် ရှိနေပါက ကျူးလွန်သူများအား အပြစ်ပေး အရေးယူရန် ယခု  ပူးတွဲထုတ်ပြန်လက်မှတ်ရေးထိုးထာသည့် တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် အထူးအလေးအနက် တောင်းဆိုကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA) ခေါင်းဆောင်များနှင့် ရိုဟင်ဂျာခေါင်းဆောင်များလည်း အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ကြပါရန်လည်း တော်လှန်ရေးနှင့် အရပ်ဘက် အဖွဲ့အစည်း ၁၉၅ ဖွဲ့အနေဖြင့် အထူးတိုက်တွန်းတောင်းဆိုကြောင်း သိရသည်။

တော်လှန်ရေးနှင့် အရပ်ဘက် အဖွဲ့အစည်း ၁၉၅ ဖွဲ့အနေဖြင့် အထက်ပါ စိုးရိမ်ချက်များအား အပြုသဘော ထောက်ပြခြင်းဖြစ်ပြီး အနာဂတ် ရက္ခိုင်ပြည်၏ လူမျိုးစုံ၊ ဘာသာစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ရေရှည်တည်ငြိမ်မှုကို အထောက်အကူပြုမည့် လုပ်ငန်းစဉ်များအား အားဖြည့်သွားမည် ဖြစ်ကြောင်းသိရသည်။

ရက္ခိုင်ဒေသ တခုလုံးတွင် မှီတင်းနေထိုင်ကြသည့် လူထုတရပ်လုံး လွတ်မြောက်ရေးကို မျှော်မှန်းသည့် တော်လှန်ရေးအားလည်း တော်လှန်ရေးနှင့် အရပ်ဘက် အဖွဲ့အစည်း ၁၉၅ ဖွဲ့မှ ဆက်လက်ဝန်းရံ ထောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency

Photo: Blood Money - သွေးစွန်းငွေ