မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အတွင်း သဲတော(၃)ရပ်ကွက်မှ စကစ သတင်းပေး ဒလန်ဟု နာမည်ဆိုးထွက်ပေါ်နေသည့် ရာအိမ်မှူး ပါးဖောင်းကို ဝမ်းတွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု (WTRF) က ရှင်းလင်းလိုက်ကြောင်း သိရသည်။
နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း မြို့ပေါ်ရပ်ကွက်များအတွင်းရှိ CDM ဝန်ထမ်းများ အပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို အာဏာသိမ်းစစ်တပ် နှင့် လက်အောက်ခံ ရဲများကို သတင်းပေးခြင်း၊ ဖမ်းဆီးနိုင်ရန် ခေါ်ဆောင် လမ်းပြခြင်း၊ လူငယ်များအား တော်လှန်ရေးရဲဘော်များအဖြစ် စွပ်စွဲကာ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်၍ ၎င်းအား ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့တွင် သုတ်သင်ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း Wundwin Township Revolution Force (WTRF)က အသိပေးထားသည်။
မိတ္ထီလာခရိုင်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ ရန်မှ ပြည်သူများအား အကာအကွယ်ပေးနိုင်ရေးအတွက် ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ နှင့် မလှိုင် စသည့် (၄)မြို့နယ်ပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများကို ရှင်းလင်းခြင်း၊ သတင်းပေးဒလန်များကို ရှင်းလင်းခြင်း အပြင် အာဏာသိမ်းစစ်ကောင်စီ၏ ဒေါက်တိုင်များ၊ ဆက်စပ်လုပ်ငန်းများကို ရှင်းလင်းခြင်းများ အဖြစ် လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။