ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား Fixed Wing Drone များဖြင့် ဗုံးသီးအလုံးရေ (၅၀)ကျော် ကြဲချတိုက်ခိုက်

ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား Fixed Wing Drone များဖြင့် ဗုံးသီးအလုံးရေ (၅၀)ကျော် ကြဲချတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ Fixed Wing Drone ဆယ်စီးကျော်ဖြင့် ဗုံးသီးအလုံးရေ (၅၀)ကျော် ကြဲချတိုက်ခိုက်ကြောင်း Shwe Nyar Myae PDF အဖွဲ့ထံမှ သိရသည်။

ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံရွာ စစ်ကောင်စီဂိတ်စခန်းသို့ ဇူလိုင်လ (၁၆)ရက်နေ့ မနက်အစောပိုင်းမှစတင်ကာ PDF ပူးပေါင်းတပ်ဖွဲ့မှ ဗုံးသီး အလုံး (၂၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး စခန်းပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ပန်းတိုင်းခြုံရွာ စစ်ကောင်စီဂိတ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့ကြောင်း Shwe Nyar Myae PDF အဖွဲ့မှ ဆိုသည်။

ထို့နောက် ပခုက္ကူလေဆိပ်ရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစခန်းအား ဗုံးသီး (၁၀)လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

ဇူလိုင်လ (၁၆)ရက်နေ့ ညနေပိုင်းတွင် ပခုက္ကူမြို့နယ် GTC ဂိတ်စခန်းသို့ Fixed Wing Drone များဖြင့် ဗုံးသီး (၁၀)လုံးကျော် ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး ဂိတ်စခန်းဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ဘန်ကာအတွင်းမှ စစ်သားများ ထိခိုက်မှုရှိသည်ဟု ကနဦးသိရကြောင်း Shwe Nyar Myae PDF မှ ဆိုသည်။

ဇူလိုင်လ (၁၅) ရက်နေ့ ညပိုင်းတွင်လည်း ပခုက္ကူလေဆိပ်၌ ယာယီစခန်းချထားသည့် ပျူစောထီးများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ Fixed Wing Drone များဖြင့် ဗုံးသီး (၁၀) လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း Shwe Nyar Myae PDF မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအား မဟာမိတ်များနှင့်အတူ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ Shwe Nyar Myae PDF မှ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Shwe Nyar Myae PDF