မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ရန်ကင်းအောင်ရပ်ရှိ မြို့နယ်လ၀ကဦးစီးမှူးရုံးတွင် ယနေ့၂၀၂၂ခုနှစ် ဇန်နဝါရီလ (၇)ရက် နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရုံးခြံဝန်းအတွင်း ရပ်ထားသည့် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ဌေးဇော်၏ MARK-II ယာဉ်အောက်ပိုင်းနှင့် လက်ထောက်မြို့နယ်လဝကမှူး ဦးမျိုးဝင်းကြိုင်၏ MARK-II ယာဥ်ရှေ့ခြမ်း ထိခိုက်ခဲ့ပျက်စီးခဲ့ပြီး ရုံးပြတင်းပေါက်မှန်အချို ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းကလည်း မန္တလေးမြို့တွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး နံနက်(၇)နာရီအကျော်ကလည်း မဟာအောင်မြေမြို့နယ် မြဝတီဘဏ်အနီးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်းသိရသည်။
နံနက် (၁၀)နာရီဝန်းကျင်ကလည်း မဟာအောင်မြေမြို့နယ်ပညာရေးမှူးရုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
မန္တလေးမြို့ပေါ်တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီကလည်း လမ်းများကို ပိတ်ဆိုစစ်ဆေးမှုများလုပ်ဆောင်နေသည်။