သံတွဲမြို့နယ် ခမရ(၅၆၆)တပ်အနီးတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့်ခုခံနေ

သံတွဲမြို့နယ် ခမရ(၅၆၆)တပ်အနီးတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့်ခုခံနေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ခမရ(၅၆၆)တပ်အနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၁)ရက်နေ့တွင် တစ်နေ့လုံး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့နယ်အတွင်း တိုက်ပွဲများရက်ဆက်ဖြစ်လာပြီး ယနေ့တွင်မူ ခမရ(၅၆၆)တပ်ရင်းအနီးရှိ ဇီးဖြူကုန်း၊ မှိုဟင်းပြင်၊ ပန်းချင်းပေါက်ရွာအနီးတဝိုက်တို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး(၃၀)ထက်မနည်းနှင့် လေကြောင်းမှလည်း အကြိမ်ကြိမ် လာရောက်ပစ်ခတ်နေသည်ဟု သိရသည်။

“ပန်းချင်းပေါက်ရွာ ပတ်ဝန်ကျင်ကို လက်နက်ကြီးနဲ့ထုနေတယ်။ အခုဖြစ်နေတာ ဂေါ့မှာမဟုတ် ပန်ချင်းပေါက်ရွာ၊ ဇီးဖြူကုန်းနဲ့ မှိုဟင်းပြင်ရွာကြားမှာ ထိတွေ့တိုက်ပွဲဖြစ်နေတယ်။ ပန်းချင်းပေါက်နဲ့ ဘောင်ရွှေပြင်ရွာက ဒေသခံတွေကတော့ မနေ့ကပဲ နေရာပြောင်းကြတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒေသခံများ၏ပြောဆိုချက်အရ သံတွဲတိုက်ပွဲမှာ ပိုပြင်းထန်လာရန်သာရှိပြီး စစ်ကောင်စီတပ်ကလည်း မြို့ပတ်လည်တွင် အထိုင်ထားသည့် လက်နက်ကြီးကုန်းများမှ ဆက်တိုက်ပစ်ခတ်နေသဖြင့် ဒေသခံများ နားမခံနိုင်သည်အထိ လက်နက်ကြီးသံကြားနေရသည်ဟု ဆိုသည်။

“အခုရက်ပိုင်း နေ့တိုင်းပဲတိုက်ပွဲဖြစ်နေတာ။ နှစ်ဘက်အင်အားလည်း ထပ်တိုးထားတယ်လို့ သိရတယ်။ ဒေသခံတွေကတော့ နီးစပ်ရာကျေးရွာတွေကို ဆွေမျိုးတွေအိမ်ကို ပြောင်းရွှေ့ကြရတာပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့ကစတင်၍ သံတွဲမြို့နှင့် မိုင်(၂၀)ခန့်အကွာ ရွှေလှေတိုက်နယ်မှစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် လက်ရှိတွင် သံတွဲမြို့နှင့် (၄)မိုင်ခန့်အကွာကို ရောက်ရှိလာနေပြီး ဒေသခံများ၊ ဝန်ထမ်းများလည်း မြို့ကိုစွန့်ခွာသွားကြကြောင်း သိရသည်။

“တိုက်ပွဲက ရက်ဆက်လိုဖြစ်နေတော့ ကျောင်းတွေလည်း ဖွင့်တော့ဖွင့်တယ်။ ဒါပေမယ့် ကျောင်းတက်တဲ့ ကျောင်းသားဦးရေနည်းတာပေါ့။ ဆရာ၊ ဆရာမတွေလည်း ခွင့်တွေနဲ့ ရန်ကုန်ပြေးသူကပြေးပေါ့။ ကိုယ့်အသက်ထက် ဘယ်ဟာကမှ အရေးမကြီး။ လစာကတော့ ရဖို့မသေချာတော့ဘူး။”ဟု ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် ဆရာမတစ်ဦးက ပြောသည်။

သံတွဲတွင် စစ်ကောင်စီ၏ ခလရ (၅၅)၊ ခမရ (၅၆၆)၊ မောင်ရွှေလေးရေတပ်ခစန်းတို့ရှိပြီး မြို့အတွင်း၌ သံတွဲမြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် အကျဉ်းထောင်တို့ရှိနေသည်။

#TachileikNewsAgency