မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပုပ္ပါးတောင်အနီးရှိ တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီးနောက် အနီးရှိကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ရှာဖွေနေကြောင်း သိရသည်။
စစ်ကောင်စီ၏ တပ်မ( ၈၈ )လက်အောက်ခံ ပုပ္ပါးအခြေစိုက် ခလရ (၇၈)မှ အစောင့်တပ်သားများကို ၂၀၂၃ ခုနှစ်၊ မေလ( ၂၁ ) ရက်နေ့တွင် ဒေသကာကွယ်ရေးအဖွဲ့များဖြစ်ကြသည့် Bagan Nyaung Oo PDF ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၂)၊ MG 6 ပြောက်ကြားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြပြီးနောက် မေလ (၂၂)ရက်နှင့် မေလ (၂၃)ရက်နေ့များတွင် လိုက်လံရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။
တစ်အိမ်ဆင်း၊ တစ်အိမ်တက် အိမ်တွေကို လိုက်မေးတယ်။ PDF တွေ လက်ခံ၊ မခံကို ရှောင်တခင် စစ်ဆေးတဲ့ပုံစံမျိုး ဝင်မွှေတာဗျ
ဟု Bagan_Nyang Oo PDF တပ်ဖွဲ့ တာဝန်ခံက Tachileik News Agency ကို မေလ( ၂၄ )ရက်နေ့ ပြောသည်။
တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး ဘန်ကာများဆောက်လုပ်ပြီး အစောင့်ချထားသည့် နေရာ ( ၃ )ခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် စစ်ကောင်စီတပ်ဘက်က အဆိုပါနေရာကို အင်အားတိုးထားကြောင်း သိရသည်။
အလားတူပင် မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်ရှိ တရုတ် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးစက်ရုံစောင့် စစ်ကောင်စီ တပ်ဖွဲ့ကိုလည်း မေလ ( ၇ )ရက်နေ့ ညပိုင်းတွင် Natogyi Guerrilla Force(NGF)တပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းပြီး ဆန့်ကျင်သူများအား နည်းမျိုးစုံသုံး၍ အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် လက်နက်ကိုင်တော်လှန်သည့် တော်လှန်ရေးမှုများ နိုင်ငံတဝန်းပေါ်ပေါက်လာခဲ့ပြီး အာဏာသိမ်းအဖွဲ့အား နည်းမျိုးစုံဖြင့် တော်လှန်နေကြခြင်းဖြစ်သည်။