မကွေးတိုင်း မင်းဘူးခရိုင်မြောက်ပိုင်း စလင်းမြို့တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စလင်း ထံမှ သိရသည်။
စလင်းမြို့တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့ ည (၈)နာရီဝန်းကျင်တွင် စလင်းမြို့ဈေး တောင်ဘက်လမ်းဆုံတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ကင်းပွိုင့်ယူ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲ (၂)ဦး နေရာတွင် သေဆုံးပြီး ၊ ရဲ (၃)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် သေနတ်ကောက်ယူရန် ကြိုးစားသော်လည်း လုံခြုံရေး အခြေအနေအရ လက်နက်ရရှိခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ပကဖ - စလင်း က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ - စလင်း) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE